နေပြည်တော် ၂၂ အောက်တိုဘာ
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီထံ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံသည်။
ရှေးဦးစွာ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားရာ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နေ့မနား၊ ညမအား ဆောင်ရွက်နေကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဆေးရုံ/ ဆေးခန်း၊ အသွားအလာ ကန့်သတ်စောင့်ကြည့်သည့် နေရာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအားလုံးကို ဂုဏ်ပြုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများက အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ထည့်ဝင်လှူဒါန်း သောအလှူငွေများကို ဝန်ကြီးဌာနကိုယ်စား လှူဒါန်းရခြင်း ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရေး ကော်မတီ၏ ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့်ညှိနှိုင်း၍ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ လျင်မြန်စွာ ဝယ်ယူရရှိနိုင်အောင် ဆောင်ရွက်ပေးနေပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ အမြန်ဆုံး လွတ်မြောက်ရန် ဆုတောင်းပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် တစ်ထောင့်တစ်နေရာမှ ဒုတိယအကြိမ် လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓသာသနိက အဆောက်အဦများတွင်လည်း အသွားအလာ ကန့်သတ်စောင့်ကြည့်သည့်နေရာများ (Quarantine Center) ဖွင့်လှစ်၍ လက်ခံထားရှိပေးခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင်လည်း ကိုဗစ်-၁၉ ကုသရေးဌာနကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်လိုသည့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်း (၄၁)ဦး၏ အမည်စာရင်းကိုလည်း ပေးပို့ထားပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခဲ့သည့် ရဟန်း သံဃာများနှင့် သီလရှင်များကို စောင့်ရှောက်ကုသပေးမှုအတွက်လည်း ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ်မြင့်ထွေးက ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူရေးကော်မတီ၏ ပံ့ပိုးကူညီမှုကြောင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများကို လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ဒုတိယလှိုင်း အစတွင် ရုတ်တရက် လူနာများပြားလာ၍ ဆေးရုံများတွင် လူနာများထားရှိကုသရန် အခက်အခဲများရှိခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှု၊ စေတနာရှင် အလှူရှင်များ၏ ပံ့ပိုးကူညီမှုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၌ စုစုပေါင်း လူနာ (၉,၇၀၀)ခန့်ကို ထားရှိကုသပေးနိုင်သော ကိုဗစ်-၁၉ ကုသရေးဌာနအသစ် (၁၄)ခု ကိုဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုများကို အခြားနှီးနွယ်ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် လူများစုဝေးရာ နေရာများဖြစ်သော ဈေးများ၊ ဘုန်ကြီးကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ အကျဉ်းထောင်များတွင် အသိပညာပေးခြင်းနှင့် ဆောင်ရန် ရှောင်ရန်အချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရေးတို့အတွက် အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ထို့အပြင် ရောဂါကူးစက်ဖြစ်ပွားခြင်းခံရပါက ရောဂါပြင်းထန်နိုင်ပြီး သေဆုံးနိုင်ချေများသော အသက်ကြီးသူများနှင့် ရောဂါအခံရှိသူများအနေဖြင့် တတ်နိုင်သမျှအိမ်တွင် နေထိုင်ခြင်းနှင့် မိမိနေအိမ်တွင်လည်း သီးသန့်နေထိုင်စားသောက်ခြင်းများကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ၏ပါဝင် လိုက်နာဆောင်ရွက်မှုသည် အဓိကအရေးကြီးဆုံးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လှူဒါန်းငွေများကို လိုအပ်သည့်နေရာများတွင် လိုအပ်သည့်ပစ္စည်းများအတွက် စနစ်တကျ ထိရောက်စွာ သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
လှူဒါန်းမှု အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမှူးပြု၍ အရာထမ်း၊ အမှုထမ်းများက ငွေကျပ် (၃,၄၄၉,၀၀၀) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အရာထမ်း၊ အမှုထမ်းများက ငွေကျပ် (၁၀,၀၀၀, ၀၀၀)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (ဝန်ကြီးရုံး၊ အားကစား)၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်းအမှုထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ငွေကျပ် (၁,၉၀၀,၀၀၀)၊ ဇမ္ဗူသီရိမြို့နယ် ပညာရေးဝန်ထမ်း မိသားစုက ငွေကျပ် (၁,၅၀၀,၀၀၀)၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (နေပြည်တော်) ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် ဆည်မြောင်းဝန်ထမ်းမိသားစုများက ငွေကျပ် (၁,၀၀၀,၀၀၀)၊ ဦးခင်မောင်ဦး၊ ဒါရိုက်တာ၊ သုဝဏ္ဏပါဒ ကုမ္ပဏီလီမီတက်က ငွေကျပ် (၅၀၀,၀၀၀) တို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းတို့က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


