mdn

နေပြည်တော် ၂၂ အောက်တိုဘာ

 

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ ပူးပေါင်း၍ နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အရေးပေါ် လူနာတင်ယာဉ်များဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများ၊ ရောဂါပိုးရှိကြောင်း သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား သယ်ယူ/ ပို့ဆောင်ပေးခြင်းလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းဆောင်ရွက်နေကြသော မော်တော်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီ ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား အသိပညာပေးအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

 

အဆိုပါ အသိပညာပေးအစီအစဉ်သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အသိပညာပေးအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းဆောင်ရွက်သူများကို လေ့ကျင့်သင်တန်းပေးရာတွင် စေတနာ့ဝန်ထမ်း အရေးပေါ်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီ ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများကိုလည်း အသိပညာပေးလျက်ရှိရာ တတိယအကြိမ်မြောက် အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နေပြည်တော်ကောင်စီ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်း အရေးပေါ်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီ ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများ စုစုပေါင်း (၂၃၁)ဦးကို အသိပညာများ မျှဝေပေးခဲ့ပြီးဖြစ်ပါကြောင်း။

 

ယနေ့ အသိပညာပေး အစီအစဉ်တွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ စေတနာ့ဝန်ထမ်းစုစုပေါင်း (၁၆၄)ဦးကို လူနာတင်ယာဉ် ဖွဲ့စည်းပုံနှင့် အသက်ရှုစက်များ အလုပ်လုပ်ပုံ၊ နာတာရှည် ရောဂါခံစားနေရသူများနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် နည်းလမ်း၊ ကာကွယ်ရေးပစ္စည်းများ စနစ်တကျ ဝတ်ဆင်သည့်နည်းလမ်း၊ စွန့်ပစ်အမှိုက်များနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက်ရန်နှင့် လူနာတင်ယာဉ်များတွင် ကိုယ်ဝန်ဆောင် မိခင်များပါလာပါက ဆောင်ရွက်ရမည့်  အခြေအနေများကို မြန်မာနိုင်ငံဆရာဝန်အသင်းရှိ ကျွမ်းကျင်ပညာရှင်များက အသိပညာမျှဝေပေးသွားမည်ဖြစ်ပါကြောင်း၊   တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်ရာတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် သံသယလူနာများ သယ်ယူပို့ဆောင်ပေးသော စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးပါပါကြောင်း၊ အရေးပေါ်လူနာတင်ယာဉ် ယာဉ်မောင်းနှင့်အကူတို့အတွက် အသိပညာပေးလက်စွဲစာအုပ် လိုအပ်လျက်ရှိပါကြောင်း၊ ယခုအခါ လက်စွဲစာအုပ်ကို ရေးသားပြုစုပြီးဖြစ်သဖြင့် အမြန်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသော စေတနာ့ဝန်ထမ်း တစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အသိ၊ သတိနှင့် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ ထင်အောင်စောက ကျေးဇူးစကား ပြောကြားသည်။  

 

ဆက်လက်၍ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးပို့ချခဲ့ကြပြီး  စေတနာ့ဝန်ထမ်းများ၏ သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်