mdn

မန္တလေး ၂၂ အောက်တိုဘာ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းမြို့သစ်ရှိ ရပ်ကွက်များတွင် ရဟန်းတော်သုံး ယပ်တောင်လုပ်ငန်းဖြင့် တစ်နှစ်ပတ်လုံး ဝင်ငွေရရှိအောင် ဖော်ဆောင်ကြသည်။ လက်ရှိကာလ အလှူပွဲများ နည်းပါးသည့်အတွက် ရဟန်းသုံး ယပ်တောင်လုပ်ငန်း ဈေးကွက်အေးနေပြီး အလုပ်ဖြစ်မှုနည်းနေကြောင်း သိရသည်။

ယခင်ဈေးကွက်ကောင်းစဉ်က ယပ်တောင် အကြမ်းချုပ်တစ်ချောင်းလျှင် ငွေကျပ် ၄၀ ရရှိပြီး အချောအထိပြု လုပ်ပြီးပါက ယပ်တောင်တစ်ချောင်းလျှင် လုပ်အားခ ငွေကျပ် ၁၀၀ ရရှိသည်။ အကြမ်းချုပ်သူများမှာ တစ်နေ့လျှင် ရဟန်းတော်သုံးယပ်တောင် ၁၀၀ ကျော်ပြီးသည့်အတွက် လုပ်အားခ ငွေကျပ် ၄၀၀၀ ကျော်ရရှိသည်။ ရဟန်းတော်သုံး ကတ္တီပါယပ်တောင်ပြုလုပ်မှုတွင် ပညာရှင်သုံးဦး အလုပ်သုံးခု ခွဲခြားလုပ်ကိုင်ကြသည်။ ထိုလုပ်ငန်းများမှာ ယပ်တောင်ကိုင်းပြလုပ်သူ ကတ္တီပါစဖြင့်ချုပ်သူ စာရိုက်သူများပင် ဖြစ်သည်။

ယပ်တောင်သံကိုင်း ပြုလုပ်သူထံမှ သံကိုင်းများကိုယူကာ ကတ္တီပါချုပ်သူများမှ စက်ချုပ်စက်ဖြင့် စနစ်တကျချုပ်ကြရသည်။ ချုပ်ပြီးသား ယပ်တောင်များရပါက စာရိုက်သူမှ မှာယူသူစိတ်ကြိုက် စာရိုက်ပေးကြရသည်။ စာရိုက်ရာတွင် ပထမဦးစွာ စာဒီဇိုင်းထုတ်ကာ စာပေါင်ပြုလုပ်ရသည်။ စာပေါင်ရပါက ကတ္တီပါယပ်တောင်ကို အောက်တွင်ခံကာ အပေါ်မှရေဆေးအပြစ် ပတ်တီးကိုသုပ်ပေးရသည်။ ထိုသို့သုတ်ပြီးပါက စာတန်းများ လှပစွာပေါ်လာသည်။

စာပေါ်လာပါက ရွှေဆေးအမှုန့်ကိုတင်ကာ ခါချလိုက်ပါက ရွှေရောင်စာလုံးများ ပေါ်လာသည်။ ယပ်တောင်တွင် ပိုးထည်နှင့် ကတ္တီပါဟူ၍ ရှိသည်။ စာရိုက်ရာတွင် ရိုးရိုးစာနှင့် ဖောင်းကြွနှစ်မျိုးရှိသည်။ ဖောင်းကြွယပ်တောင် တစ်ချောင်းလျှင် ငွေကျပ် ၅၀၀၀ ပေးရသည်။ ရိုးရိုးစာဖြင့်ရိုက်ပါက ငွေကျပ် ၁၅၀၀ မှ ၂၀၀၀ ကျပ် ပေးရကြောင်း သိရသည်။

တိမ်တမန်