ညောင်ဦး ၂၃ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုနည်းခြင်းကြောင့် မြေပဲခင်းများ ခြောက်သွေ့ကုန်ကြောင်း ပုဂံမြို့ အနောက်ဖွားစောကျေးရွာမှ မြေပဲလေးဧကစိုက်တောင်သူ ဦးအောင်စိုးထံက သိရသည်။
ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် မြေပဲစိုက်ပျိုးခြင်းအား ဝါဆိုလနှင့်ဝါခေါင်လတို့တွင် စိုက်ပျိုးကြကြောင်းသိရပြီး သုံးလမြေပဲခေါ်ပင်ထောင်မြေပဲနှင့် ခြောက်လမြေပဲခေါ်ပင်ပြန့်မြေပဲတို့ကို စိုက်ပျိုးကြကြောင်း မြေပဲလေးဧကစိုက်ပျိုးသည့် ဦးအောင်စိုးကရှင်းပြသည်။
မြေပဲစိုက်ပျိုးချိန်တွင် မြေပဲဆံပျိုးတစ်တင်း ငါးသောင်းငါး ထောင်ကျပ် ပေးဝယ်ခဲ့ရကြောင်း၊ ယာခင်းအတွင်းထွန်စက်ငှားထွန်ခ တစ်နာရီလျှင် တစ်သောင်းခွဲကျပ်၊ နွားရှဉ်းထွန်ယက်ခ တစ်မနက်လျှင် တစ်သောင်းကျပ်ပေးရပြီး အမျိုးသားလုပ်အားခ (တစ်နေကုန်)ရှစ်ထောင်ကျပ်၊ အမျိုးသီးလုပ်အားခ (တစ်နေကုန်) လေးထောင် ကျပ်ဖြင့် ငှားရမ်းရသည့်အတွက် ယခုလိုမြေပဲခင်းများ ခြောက်သွေ့ပျက်စီးချိန် အရင်းအနှီး ဆုံးရှုံးရုံသာမက နွားစာအတွက်ပင်ခက်ခဲသွားစေကြောင်း မြေပဲစိုက်တောင်သူများက ရှင်းပြသည်။
မိုးခေါင်လို့မြေပဲမရတာ သုံးနှစ်ရှိနေပြီဖြစ်ကာ ယခုနှစ်အဆိုးဆုံးနှစ်ဖြစ်ကြောင်း သူဌေးကန်ကျေးရွာ၊ ဖျောက်ဆိပ်ပင်ကျေးရွာ၊ မင်းနန်သူကျေးရွာ၊ အနောက်ဖွားစောကျေးရွာနှင့် အရှေ့ဖွားစောကျေးရွာ တောင်သူများ မိုးရွာသွန်းမှုမရှိခြင်းကြောင့် မြေပဲခင်းများခြောက်သွေ့ပျက်စီးမှုများသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း ဦအောင်စိုးကရှင်းပြ၍ သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


