မိုင်းရှူး ၂၃ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ မိုင်းနောင်- မိုင်းရှူးလမ်းပေါ်ရှိ နမ့်ပန်ချောင်းကို ဖြတ်၍ တည်ဆောက်ထားသည့်အမှတ် (၂/ ၇၉)၊ နမ့်ပန်ချောင်းတံတား (မိုင်းရှူး) တည်ဆောက်ပြီးစီးပြီဖြစ်၍ စက်တင်ဘာ ၃၀ရက်နေ့မှ ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားသည် သံကူကွန်ကရစ်အမျိုးအစား၊ သံမဏိသံဘောင်ရက်မ၊ သံကူ ကွန်ကရစ်ကြမ်းခင်းဖြစ်ကာ အရှည်မီတာ (၁၃၀)၊ ခန်းဖွင့်အကျယ်(၃၅မီတာ× ၁ခန်း)+(၆၀မီတာ×၁ခန်း)+(၃၅မီတာ×၁ခန်း)၊ ယာဉ်သွားလမ်းအကျယ် (၈.၅)မီတာ၊ လူသွားလမ်းတစ်ဖက်(၁.ဝ)မီတာ၊ တံတားကင်းလွတ် နယ်အကျယ်မီတာ (၅၀)၊ အမြင့် (၄)မီတာရှိပြီး၊ တံတားခံနိုင်ဝန် (၇၅) တန်(ယာဥ်တစ်စီးချင်း)ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။
နမ့်ပန်ချောင်းတံတားကိုတံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၂)၊ ရွှေညောင်မှ တာဝန်ယူတည်ဆောက်ခဲ့ကာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ လ ၁ ရက်နေ့မှလုပ်ငန်းများစတင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ရာ စီမံကိန်းတန်ဖိုးမှာ ကျပ်(၃၃ဝဝ.ဝဝ) သန်းဖြစ်ကြောင်း သိရသည်။
ယခင်အသုံးပြုသည့် နမ့်ပန်ချောင်းတံတား (မိုင်းရှူးကြိုးတံတား)သည် နှစ်ကာလကြာမြင့် လာသည်နှင့်အမျှ သဘာဝရာသီဥတုဒဏ်များကြောင့် ရေရှည်တွင် ကုန်စည် စီးဆင်းမှုနှောင့်နှေးမှုများ ဖြစ်လာနိုင်သဖြင့် တံတားသစ်တည်ဆောက်ရေးဆောင်ရွက်ရခြင်းဖြစ်ကာ ယခုအခါ နမ့်ပန်ချောင်းတံတားအသစ် တည်ဆောက်ပြီးစီးပြီဖြစ်၍ မိုင်းရှူးမြို့နယ်၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ကုန်စည်စီးဆင်းမှုများ ပုံမှန်လည်ပတ်ရာတွင် များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


