နေပြည်တော် ၂၃ အောက်တိုဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အီတလီအတိုးမဲ့ချေးငွေ ယူရို သန်း ၃၀ အနက်မှ ယူရို ၂ ဒသမ ၇ သန်းဖြင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ ဝေးလံခေါင်ဖျားသည့်ကျေးရွာ ၁၄၀ ရွာတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း(National Electrification Project- NEP)ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မဟာဓာတ်အားလိုင်း ပြင်ပစနစ် ကျေးလက် မီးလင်းရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် သာမက အခြားသောနိုင်ငံတကာ ဖွံ့ရေးမိတ်ဖက်အဖွဲ့အစည်းများ နှင့်လည်းပူးပေါင်း ဆောင်ရွက်လျက်ရှိရာ အီတလီအတိုးမဲ့ချေးငွေဖြင့် ဆောင်ရွက်သည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ ဝေးလံခေါင်ဖျား ကျေးရွာ ၁၄၀ ရွာ ကျေးလက်မီးလင်းရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းဆောင်ရွက်ရာတွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အား လိုင်းပြင်ပ) (NEP (Off-Grid))အစီအစဉ်အရ သတ်မှတ်ထားရှိသည့် စီမံကိန်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ စီမံကိန်းဧရိယာ ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်မှစ၍ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့အတွင်းမှ မြို့နယ်(၁၄)မြို့နယ်ရှိ ကျေးရွာပေါင်း (၁၄၀) အိမ်ခြေ (၆၈၅၄)ခန့်ကို တစ်အိမ်သုံးဆိုလာစနစ် (SHS) ဖြင့် မီးရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါကျေးရွာများရှိ အများပြည်သူပိုင် အဆောက်အဦများဖြစ်သည့် စာသင်ကျောင်း(၁၃၅)ကျောင်း၊ ဆေးပေးခန်း (၄၀)၊ ဘာသာရေးကျောင်း (၂၅၇) ကျောင်းနှင့် လမ်းမီးတိုင် (၈၀၂)တိုင်တို့အတွက် အများသုံးဆိုလာစနစ်(Public facilities) (၁၂၃၄) စုံကိုလည်း စီမံကိန်းရန်ပုံငွေမှ အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများကို ၂၀၂၁ခုနှစ် ဧပြီလကုန်တွင်အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက ပြောပြ၍သိရသည်။
တစ်အိမ်သုံးဆိုလာစနစ်များကို ဒေသခံပြည်သူများမှ မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျ ကိုင်တွယ်အသုံးပြုစေရန် ရည်ရွယ်၍ ၆၀ ဝပ် ဆိုလာ စနစ်အတွက် ငွေကျပ်ငါးသောင်းနှင့် ၁၀၀ ဝပ် ဆိုလာစနစ်အတွက် ငွေကျပ် တစ်သိန်းငါးသောင်း ပြည်သူ့အချိုးကျ အရစ်ကျစနစ်ဖြင့် နှစ်ကြိမ်ခွဲ၍ ထည့်ဝင်ရမည်ဖြစ်ပြီး ဆိုလာစနစ်တစ်စုံစာအတွက် ကျန်ရှိသည့် တန်ဖိုးကို စီမံကိန်းရန်ပုံငွေမှ ကျခံပေးမည်ဖြစ်ကြောင်း၊ စီမံကိန်းကျေးရွာရှိ အများပြည်သူပိုင် အဆောက်အဦများဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတိုင်များကို စီမံကိန်းရန်ပုံငွေမှ ရာနှုန်းပြည့်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ အိမ်သုံးဆိုလာစနစ်အတွက် ထည့်ဝင်ထားသည့် ပြည်သူ့ထည့်ဝင်ငွေများအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားမည် ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဝေးလံခေါင်ဖျားရှိ ကျေးလက်နေအိမ်ထောင်စုများအတွက် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့အတွင်းရှိ ကျေးရွာ (၂၁၇)ရွာရှိ အိမ်ခြေ (၁၃၅၁၅) အိမ်၊ အများပိုင်အဆောက်အဦ (၄၆၀) နှင့် လမ်းမီး(၉၅၇)တိုင် ဆောင်ရွက်သွားရန် လျာထားပြီး အဆိုပါလုပ်ငန်းများကို နိုင်ငံတကာအပြိုင်တင်ဒါစနစ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တင်ဒါခေါ်ယူထားရှိပြီးဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


