မုံရွာ ၂၃ အောက်တိုဘာ
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ ကျေးရွာ(၇) အုပ်စုရှိ ကျေးရွာ (၉)ရွာတွင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုး၏ ပြောကြားချက်အရ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးလင်းရေးစနစ်ကို ဟုမ္မလင်း မြို့နယ်အတွင်းရှိ နန့်သာကျေးရွာအုပ်စုရှိ နန့်သာကျေးရွာတို့တွင် လည်းကောင်း၊ ထုံမာတဲ့ ကျေးရွာအုပ်စုရှိ ထုံမာတဲကျေးရွာနှင့် လိုင်မဆန်ကျေးရွာတို့ ပူးပေါင်းပြီးလည်းကောင်း၊ နန်ချောကျေးရွာ အုပ်စုရှိ ပင်ခုတ်ကျေးရွာ တွင်လည်းကောင်း၊ နောင်ဖာမူကျေးရွာအုပ်စုရှိ နောင်ဖာမူကျေးရွာ တွင်လည်းကောင်း၊ ညောင်ကုန်းကျေးရွာအုပ်စုရှိ လက်ပံသာကျေးရွာတွင်လည်းကောင်း၊ ဖောင်းပြင်မြို့နယ် မင်းယားကျေးရွာအုပ်စုရှိ မင်းယားကျေးရွာတွင်လည်း ကောင်း၊ ပုလဲမြို့နယ်အတွင်းရှိ မယင်းကျေးရွာ အုပ်စုရှိ မယင်းကျေးရွာနှင့် ခင်သာကျေးရွာတို့တွင်လည်းကောင်း ဖော်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၎င်းနေရောင်ခြည် စွမ်းအင်သုံး ဆိုလာမီးလင်းရေး စနစ်ပြီးစီးက မြို့(၃)မြို့ရှိ ကျေးရွာအုပ်စု(၇)စုမှ ကျေးရွာ (၉)ရွာမှ စီမံကိန်းချိတ်ဆက်မည့် အိမ်ခြေ(၁၅၈၅)ရှိ ဒေသခံပြည်သူ(၉၈၉၃)ဦးတို့သည် လျှပ်စစ်မီးအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကလည်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးလင်းရေး စနစ်ဖြင့် မီးလင်းရေးကို စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်အတွင်းရှိ ကျေးရွာ (၈)ရွာတွင်လည်းကောင်း၊ ဝန်းသို မြို့နယ်အတွင်းရှိကျေးရွာ(၃)ရွာတွင်လည်းကောင်း၊ ကျွန်းလှမြို့နယ်အတွင်းရှိကျေးရွာ(၂)ရွာတွင် လည်းကောင်း၊ ခန်္တီးမြို့နယ်အတွင်းရှိ ကျေးရွာ(၁)ရွာတွင်လည်းကောင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၇)ရွာတွင် လည်းကောင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ(၁)ရွာတွင်းလည်းကောင်း၊ လေရှီးမြို့နယ် အတွင်းရှိ ကျေးရွာ(၁)ရွာတွင်လည်းကောင်း လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


