လိပ်သို ၂၃ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိပ်သိုမြို့အတွင်းရှိ မဲရုံ (၄၇) ရုံတွင် တာဝန်ယူ ဆောင်ရွက်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်တတ်စေရန်အတွက် အသိပညာ ပေးသင်တန်းကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီက လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် သံတောင်ကြီးမြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစောကားရှယ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာရှိ မဲရုံများတွင် တာဝန်ယူဆောင်ရမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ် ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် မဲရုံမှူ၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများ၊ မီဒီယာကိစ္စများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ခိုင်လုံမဲ၊ ပယ်မဲနှင့် ပူးတွဲပုံစံများ၊ မဲရေတွက်ခြင်း၊ ထုတ်ပိုးခြင်း၊ မဲရလဒ်ပုံစံ ၁၆/ (၁၆-က) ရေးသွင်းခြင်း၊ မဲရုံခင်းကျင်းခြင်း၊ လက်တွေ့သရုပ်ပြခြင်းတို့ကို သင်တန်းနည်းပြ (၅) ဦးက မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမ (၉၄) ဦး၊ ရပ်ကွက် ကျေးရွာအုပ်စု (၃၇) အုပ်စုတို့မှ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင် ၃၇ ဦး စုစုပေါင်း ၁၃၁ ဦးတို့အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပြဌာန်းထားသော ညွှန်ကြားချက်များနှင့်အညီ အခန်း (၅) ခန်းခွဲ၍ သင်ကြား ပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)


