ပန်းတနော် ၂၃ အောက်တိုဘာ
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့ခဲ့ရသော နေအိမ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ က ပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ရေပေါ်ကြီး ကျေးရွာအုပ်စု၊ အထက်ကဇင်းတောကျေးရွာ၊ ကုလားမချောင်ကျေးရွာနှင့် တူးချောင်းကျေးရွာအုပ်စု၊ တူးချောင်းကျေးရွာတို့၌ အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့သော မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၇)လုံး၊ အိမ်ထောင်စု(၁၇)စုမှ လူဦးရေ(၇၀)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ ၁၇၀ဝ၀ဝဝ နှင့် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေကျပ် ၁၄၇၀ဝဝ၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် ၁၈၄၇၀ဝဝ အား ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


