နေပြည်တော် ၂၃ အောက်တိုဘာ
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ ယွန်းထည်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၆) ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
လွှဲပြောင်းပေးအပ်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်က ကျပ်(၁၆ ဒသမ ၉၈)သန်း တန်ဖိုးရှိ ယွန်းထည်ပစ္စည်းမျိုးစုံ (၃၅၄)မျိုးနှင့်အတူ ယွန်း Catalogue အုပ်ရေ (၃၀၀)ကို လွှဲပြောင်းပေးအပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။
မြန်မာ့ယွန်းလက်မှုအနုပညာများ တိမ်ကောပပျောက်မှုမရှိစေရန်၊ ပြည်ပယွန်းဈေးကွက် ပြန်လည်ရှင်သန် ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ပြည်ပနိုင်ငံများရှိ စီးပွားရေးကောင်စစ်ဝန်ရုံးများတွင် မြန်မာ့ယွန်းထည်များပြသထားရှိကာ ယွန်းထည်ဈေးကွက် ပြန်လည်ရရှိရေးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယနေ့အခမ်းအနားတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့သို့ ယွန်းထည်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။
အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသည် မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်မှုအနုပညာလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ရက်ကန်းလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေးတို့အတွက် လိုအပ်သော အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်း(၁၃)ကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ ညောင်ဦးမြို့နယ်ရှိ ပုဂံဒေသတွင် ယွန်းပညာကောလိပ်တို့ကို တည်ထောင်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
ယွန်းပညာကောလိပ်တွင် ယွန်းအတတ်ပညာဒီပလိုမာ (၂)နှစ်သင်တန်း၊ ယွန်းအတတ်ပညာဒီပလိုမာ (၁)နှစ်အထူးသင်တန်း၊ အထက်တန်းယွန်းပညာ (၂)နှစ်သင်တန်း၊ ယွန်းထည်အလုပ်ရုံများရှိ ယွန်းလုပ်သားများအတွက် ကာလတိုသင်တန်းများဖြစ်သော ထန်းသားအချော ထည်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဝါးလက်မှုအနုထည်သင်တန်း၊ ဝါးတာရှည်ခံသင်တန်း၊ သားရိုးပန်းကြွယွန်းပညာသင်တန်း၊ ရွှေဇဝါယွန်းပညာသင်တန်း၊ ကညစ်ယွန်းပညာသင်တန်း၊ ဂျပန်ယွန်းထည်နည်းပညာ ဆင့်ပွားသင်တန်း၊ ယွန်းထည်ဒီဇိုင်းနှင့် ထုတ်ကုန်ဖွံ့ဖြိုးမှုသင်တန်းများ ဖွင့်လှစ်ပြီး နည်းပညာဖွံ့ဖြိုးရေးကို ကြိုးပမ်းလျက်ရှိကြောင်း၊ အခြားတစ်ဘက်တွင်လည်း အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် လက်မှုအနုပညာ အခြေခံသော ထွက်ကုန်ပစ္စည်းများ နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက သိရသည်။
ညီညီသန်း(နေပြည်တော်)


