နေပြည်တော် ၂၃ အောက်တိုဘာ
ဒေသအတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နိုင်ငံတကာအဆင့်မီ စက်မှုမြို့တစ်ခု ဖြစ်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းများချောမွေ့စွာ လည်ပတ်စေနိုင်ရန်နှင့် ကောင်းမွန်သော အခြေခံအဆောက်အအုံ ပြည့်စုံသော Facilitation Service ဝန်ဆောင်မှုများဖြင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရန် Korea – Myanmar Industrial Complex (KMIC) ကိုရီးယား-မြန်မာ စက်မှုဇုန်ထူထောင်ရေး ဦးဆောင်ညှိနှိုင်းမှုကော်မတီ (ပထမအကြိမ်) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ အမြဲတမ်းအတွင်းဝန်နှင့် ကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုရီးယားနိုင်ငံအစိုးရ အဖွဲ့အစည်းဖြစ်သည့် Land and Housing Corporation မှ တာဝန်ရှိပုဂ္ဂိုလ်များ Zoom Meeting ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က Korea – Myanmar Industrial Complex (KMIC) စက်မှုဇုန်စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံအစိုးရ အဖွဲ့အစည်းဖြစ်သည့် Land and Housing Corporation တို့ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
KMIC စက်မှုဇုန်စီမံကိန်းသည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအစိုးရအချင်းချင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သည့် နိုင်ငံတကာအဆင့်မီ အခြေခံအဆောက်အအုံများ ပြည့်စုံသည့် စက်မှုဇုန်စီမံကိန်း တစ်ခုဖြစ်ပါကြောင်း။
ယခုအခါ KMIC စက်မှုဇုန်စီမံကိန်းအတွက် အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများပြီးစီး၍ တင်ဒါခေါ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှ စတင်နိုင်ရန် စီစဉ်ထားပြီး KMIC စက်မှုဇုန်စီမံကိန်းအတွက် လိုအပ်မည့် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ ရေပေးဝေရေးနှင့် လျှပ်စစ်ဓါတ်အားပေးရေးတို့ကို စက်မှုဇုန်ဝန်း ပြင်ပသို့အရောက် တည်ဆောက်ပေးရန် အစီအစဉ်များ ပါရှိပါကြောင်း၊ အာဆီယံဒေသတွင်းရှိ အခြားသော နိုင်ငံတကာစက်မှုဇုန်များအား ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှုဇုန်တစ်ခု ဖြစ်လာစေရန် အခြေခံအဆောက်အအုံပိုင်းသာမက ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များအတွက် ထိရောက်သည့် ဝန်ဆောင်မှုစနစ်ပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါကြောင်း။
ကော်မတီ၏ လုပ်ငန်းတာဝန်များကို ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ မိမိတို့နှင့်သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ကူညီဖြည့်ဆည်းပေးနိုင်မည့် ဝန်ဆောင်မှုများကို အကြံပြုဆွေးနွေးပေးရန် လိုပါကြောင်း။
KMIC စက်မှုဇုန်စီမံကိန်းမှ အလုပ်အကိုင်ပေါင်း တစ်သိန်းခန့်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပြီး KMIC စက်မှုဇုန် စီမံကိန်း ထူထောင်ရာတွင် အခြေခံအဆောက်အအုံပိုင်းသာမက ဝန်ဆောင်မှုပေးရေး အပိုင်းကိုပါ နိုင်ငံတကာအဆင့်မီစေရန် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က (KMIC) စက်မှုဇုန် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့၏ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက Korea – Myanmar Industrial Complex(KMIC) စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ စက်မှုဇုန်ဥပဒေကို လိုက်နာအကောင်အထည်ဖော်နိုင်ရေးတို့နှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက်အသီးသီး အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကော်မတီအဖွဲ့ဝင်များ၊ တက်ရောက်လာသူများက (KMIC) စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
Korea – Myanmar Industrial Complex (KMIC) စက်မှုဇုန် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်သင်တန်းကျောင်း မြေဧရိယာ(၅၅၈)ဧကပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အစိုးရအဖွဲ့အစည်းဖြစ်သည့် Land and Housing Corporation (LH) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ယခုစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင်ပြီး ရန်ကုန်မြို့ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



