mdn

ရန်ကုန် ၂၃ အောက်တိုဘာ

 

ပြည်တွင်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော တယ်လီမြန်မာမှ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် မြန်မာငွေကျပ် ၁၃၃ သန်းတန်ဖိုးရှိ ကျန်းမာရေးအထောက်အကူ ပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများသို့ လှူဒါန်းခဲ့ကြောင်း တယ်လီနောမြန်မာ၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

တယ်လီနောမြန်မာအနေဖြင့် ကိုဗစ်၁၉ ရောဂါ ဖြစ်ပွားဆဲကာလတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီး၊ ပြည်သူ့ဆေးရုံကြီး(လှိုင်သာယာ) ဖောင်ကြီး ကိုဗစ်ကုသရေးဌာနများသို့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများဖြစ်သော ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ဓာတ်မှန်စက်နှင့် နှလုံးစမ်းသပ်စက်များ၊ အောက်စီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများ၊ တစ်ခါသုံးလက်အိတ်နှင့် ပါးစပ်၊ နှာခေါင်းစည်းများကို ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာတိုးလာတာနဲ့အမျှ ကဏ္ဍတိုင်းမှာ လျင်လျင်မြန်မြန် တုံ့ပြန်ဖို့အရေးကြီးပြီး ကျွန်တော်တို့အနေနဲ့လည်း ကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်တဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးကူညီလုပ်ဆောင်လျက်ရှိပါတယ်ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Jon Omund Revhaug က ပြောသည်။

 

ဆေးရုံကြီးများနှင့် ကိုဗစ်ကုသရေးစင်တာများတွင် တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်ချောမွေ့စေရန် ရည်ရွယ်၍ ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ရောဂါကူးစက်မှုလျှော့ချနိုင်ရန်နှင့် ဖျားနာပြသမှုဆေးခန်းများ၏ ဝန်ထုပ်ဝန်ပိုးလျှော့ချနိုင်ရေးအတွက် လူနာများထံမှ ဖုန်းခေါ်ဆိုမှုများအား ဖြေဆိုနှစ်သိမ့်အားပေးလျက်ရှိသော ကျန်းမာရေးလုပ်အားပေးအဖွဲ့ အစည်းများထံ စက်တင်ဘာလအတွင်း ဆင်းကတ် သုံးထောင် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)