ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည် ကမ္ဘာတစ်ဝန်းတွင် အတန်ငယ်နှေးကွေးသွားသလို၊ ငြိမ်ဆိတ်သွားသလို ရှိနေရာမှ ကူးစက်မှုအရှိန် ပြန်လည်မြင့်တက်လာခဲ့ပါသည်။ ထိုပြန်လည် လှုပ်ခတ်လာသည့် လှိုင်းဂယက်သည် နိုင်ငံအများအပြားကို အရှိန်ပြင်းစွာ ရိုက်ခတ်ပါလေသည်။
ယင်းဂယက်သည် မြန်မာနိုင်ငံအတွက်မူ အတော်ပင်ပြင်းရှနာကျင်သွားစေခဲ့သည်ဟု ဆိုရပါမည်။ နေ့စဉ် လေးယောက် ငါးယောက် ကူးစက်ကာ၊ စုစုပေါင်း ရာဂဏန်းမျှသာရှိရာမှ ယခုအခါ ရောဂါပိုးကူးစက်ခံရသူလေးသောင်းကျော်ဖြစ်ခဲ့သည်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတို့အဖို့ အတော်ပင် တုန်လှုပ်သွားခဲ့ရ ပါသည်။
စီမံခန့်ခွဲနေကြသူများကျန်းမာရေးဆိုင်ရာ တာဝန်ယူထားကြသူများသည် ကူးစက်ရောဂါပိုးပြန့်ပွားမှုကို အပြင်းအထန်ခုခံကာကွယ်ကြရလေသည်။ ရုပ်ဝတ္ထု အခြေခံအထောက်အပံ့များ လုံလုံလောက်လောက်မရှိလှသည့် အခြေအနေအတွင်းမှ အလုံးအရင်းနှင့် တိုးပွားလာသော ကူးစက်ခံရသူများ၊ သံသယလူနာများကို နေရာခွဲဝေချထားပေးရသည်ကပင် လွယ်ကူလှသည်မဟုတ်ပါ။ ယင်းသို့သော နေ့စဉ်ထောင်နှင့်ချီ၍ ရောက်လာကြသောလူနာများ၊ ပျောက်ကင်းကာ ဆေးရုံမှဆင်းရသည့် ထောင်နှင့်ချီသောသူများဖြင့် အဆင်းအတက်၊ အဝင်အထွက်ကို စီမံခန့်ခွဲနေကြရသည်။ ထို့ပြင် နောက်ထပ်ကူးစက်သူများ တိုးပွားမလာရေးကိုလည်း နည်းလမ်းစုံဖြင့် ကြိုးစားနေကြရသည်။ အိမ်တွင်းတွင်သာနေထိုင်ရေး စည်းမျဉ်းများထုတ်ရင်း၊ကန့်သတ်ရင်းဖြင့် ပိုးရှိမရှိ  ဓာတ်ခွဲစမ်းသပ်မှုများတိုးမြှင့်လုပ်ဆောင်နိုင်ရေး၊ ပိုးကူးသူများကို ကုသနိုင်ရေး စသည်ဖြင့် အင်တိုက်အားတိုက် လုပ်နေကြရပါသည်။
ယခုကဲ့သို့သော ကိုဗစ်-၁၉ ရောဂါပိုးနှင့် ရင်ဆိုင်နေကြရင်း မည်မျှလောက်ကြာအောင် ကြုံတွေ့နေရဦးမည်နည်းဆိုသည်ကို တွေးရင်းပြင်ဆင်ရင်းလည်းနေကြရသည်။ နေ့စဉ်နေထိုင်သွားလာ နေကြသည့် နိစ္စဓူဝ ပုံမှန်နေထိုင်မှုပုံစံတို့သည်ပင် ပုံစံသစ်အဖြစ်ပြောင်းလဲလာတော့မည်။စိုးရိမ်ပူပန်မှု အလွန်အကျွံမဖြစ်ကြဘူး ဆိုသော်လည်း အနာဂတ်အတွက်ကိုမူ မည်သို့ခရီးဆက်ကြမလဲဟု တွေးတော နေကြရပါသည်။
ယခုအခါ ကမ္ဘာတစ်လွှားက လူအများနေ့စဉ်မျှော်လင့်နေရသည့် သတင်းတစ်ခုမှာ “ကာကွယ်ဆေးပေါ်လာပြီး စိတ်ချလက်ချ အသုံးပြု၍ရတော့မည်၊ များများစားစားလည်း ထုတ်လုပ်နိုင်ပြီး ဆေးတန်ခိုးကလည်း ထိရောက်သည်” အစရှိသည့် အားတက်ဖွယ်သတင်းများ ဖြစ်ပါသည်။ သည်လိုသတင်းများကို နေ့စဉ်နေ့တိုင်း မျှော်တလင့်လင့် ဖြစ်နေကြရသည်။
တက္ကသိုလ်ကြီးများ၊ ဆေးသိပ္ပံဗဟိုဌာနကြီးများ၊ သုတေသနဌာနကြီးများ၊ ဆေးဝါးထုတ်လုပ်သည့် စက်ရုံကြီးများတို့သည် ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်နိုင်ရေးကို နေ့မအားညမနား ကြိုးပမ်းနေကြပါသည်။ နိုင်ငံအစိုးရများကလည်း အားပေးကူညီ နေပါသည်။
ယခုအခါတွင် ကာကွယ်ဆေးများကို စတင်တွေ့ရှိနေပြီဟု နိုင်ငံတကာတွင် ကြေညာနေပြီးထိုကာကွယ်ဆေးကို စတင်ကာ လူတို့ဖြင့် စမ်းသပ်သုံးစွဲကြည့်နေပြီး ကာကွယ်ဆေး၏ထိရောက်မှု၊ ကာကွယ်ဆေးအသုံးပြုရမည့် ဆေးပမာဏ၊ အကြိမ်အရေအတွက် စသည်တို့ကို တိတိကျကျ သိရှိနိုင်ရေးအတွက် စတင်စမ်းသပ်ရန်လည်း ပြင်ဆင်နေကြပြီ ဖြစ်ပါသည်။
စတင်စမ်းသပ်မှုနှင့်တစ်ချိန်တည်းတွင် တစ်ကမ္ဘာလုံးသို့ ဖြန့်ဝေနိုင်ရေးအတွက် လိုအပ်သည့်အရေအတွက်ကိုမည်သို့ ထုတ်လုပ်မည်၊ မည်သို့ခွဲဝေကာ မည်သို့ဦးစားပေးအစီအစဉ်များ လုပ်မည် စသည်ဖြင့် ပြင်ဆင်တွက်ဆနေကြပြီဖြစ်ပါသည်။
ကာကွယ်ဆေး စတင်စမ်းသပ်ရှာဖွေချိန်ကာလက လူအများသုံးစွဲနိုင်ရေးမှာ အနည်းဆုံးနှစ်နှစ်၊ သုံးနှစ်ထိ ကြာနိုင်သည်ဟု မှန်းဆခဲ့ကြသော်လည်း ယခုအခါတွင် စတင်စမ်းသပ်နိုင်သည့် အဆင့်သို့ ရောက်ပြီဖြစ်သည့်အတွက် ယခု ၂၀၂၀ နှစ်အကုန်း ၂၀၂၁ နှစ်စပိုင်းတွင် လူအများကြား စတင်အသုံးပြုနိုင်တော့မည်ဟု ခန့်မှန်းနေသည်မှာ အားတက်ဖွယ်ဖြစ်ပါသည်။ 
ကာကွယ်ဆေးမျှော်လင့်ချက် မြင့်မားလာသည့်အချိန်တွင် မြန်မာပြည်သူလူထုသည် ချမှတ်ထုတ်ပြန်ထားသော စည်းမျဉ်းများကို ဆက်လက်လိုက်နာရင်း ရောဂါပိုးကူးစက်မှုမဖြစ်ရန် ထိန်းသိမ်းနေထိုင်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
မြန်မာ့အလင်း