၂၄ အောက်တိုဘာ
ဂျာမနီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ တစ်သောင်းကျော် ရှိလာကြောင်း ဒီနေ့ စနေနေ့မှာ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်းမှာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၄၆ ဦးရှိရာ သေဆုံးသူ စုစုပေါင်း ၁၀,၀၀၃ ဦးရှိကြောင်း Robert Koch ကျန်းမာရေး အဖွဲ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၄ နာရီအတွင်း ၁၄,၇၁၄ ဦး ရှိတဲ့အတွက် စုစုပေါင်း ရောဂါပိုး တွေ့ရှိသူ ၄၁၈,၀၀၅ ဦးရှိကြောင်း သိရပါတယ်။
ပိုးတွေ့ရှိသူ များလာတဲ့အတွက် Robert Koch ရဲ့ ဉက္ကဋ္ဌက နိုင်ငံဟာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းကို လိုက်နာကြဖို့ ပြောကြားပါတယ်။
ဉပရောပမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပထမလှိုင်း အတွင်းမှာ ဂျာမနီနိုင်ငံဟာ သိသိသာသာ မခံစားရပေမယ့် ဒုတိယလှိုင်းမှာတော့ တခြားဉရောပနိုင်ငံတွေလို ပိုးကူးစက်သူ များပြားလာတာကို တွေ့ရပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်နိုင်ရန် လူစုဝေးခွင့်ကို တားမြစ်တာမျိုးအထိ တာဝန်ရှိသူတွေက တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေတာကို တွေ့ရပါတယ်။
ဂျာမန်ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ ရုံးပိတ်ရက်ကစပြီး လူတွေကို တက်နိုင်သမျှ အိမ်မှာပဲနေရန်နဲ့ လူစုလူဝေးတွေကို လျှော့ချရန် နိုင်ငံကို ပန်ကြားထားသလို ဆောင်းရာသီနဲ့ ခရစ္စမတ် အချိန်ကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်သန်းမလဲဆိုတာ လာမယ့် သီတင်းပတ် အတွင်းမှာ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ နိုင်ငံကို သတိပေး ပြောကြားလိုက်ပါတယ်။
MDN
ကိုးကား - AFP