ခင်ဦး ၂၄ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ကိုဗစ်-၁၉ တွေ့ရှိလူနာ (၃) ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။
ဆေးရုံမှ ဆင်းခွင့်ရရှိသူ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးမှာ သရက်ပင်စုကျေးရွာမှ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် မှန်ဘီလူးစက်ရုံတွင် သွားရောက်လုပ်ကိုင်ပြီး မိမိဇာတိသို့ပြန်လာ၍ အလက ကျောင်းတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရာ အောက်တိုဘာ ၁၃ ရက်တွင် ကိုဗစ် -၁၉ ရောဂါ အတည်ပြုခဲ့သဖြင့် ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံ၊ သီးသန့်ဆောင်တွင် ဆေးကုသခံယူခဲ့သည်။
ဆေးရုံဆင်းခွင့်ရရှိသူ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၂) ဦးမှာ ကျန်းမာရေးကောင်းမွန်၍ ကိုဗစ်ရောဂါ လက္ခဏာ မတွေ့ရသဖြင့် ဆေးရုံဆင်းခွင့်ရရှိကြောင်း၊ မိမိကျေးရွာတွင်(Home Quarantine) အဖြစ် တစ်ပတ် ဆက်လက်နေထိုင် သွားရန်နှင့် ကျန်းမာရေးဌာနက ညွှန်ကြားချက်နှင့်အညီ နေထိုင်ကြရန် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာ စန်းယုကိုက မှာကြားခဲ့ပြီး ဆေးရုံဆင်းခွင့် (၃) ဦးကို မြို့နယ်ကြက်ခြေနီအသင်းမှ ၎င်းတို့နေအိမ်သို့ လိုက်လံပို့ဆောင်ခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


