ပွင့်ဖြူ   ၂၄    အောက်တိုဘာ 

     

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သံဘိုကျေးရွာတွင် ဒေသခံတောင်သူများ မြေအောက်ရေဖြင့် ခရမ်းညိုသီးနှံ စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းကာ သီးနှံအထွက်နှုန်းကောင်းပြီး ဈေးကောင်းလဲ ရရှိကာ လုပ်ငန်းအဆင်ပြေလျက် ရှိနေကြကြောင်း အဆိုပါ သံဘိုကျေးရွာမှ ခရမ်းညိုသီးနှံ စိုက်ပျိုးတောင်သူများထံက သိရသည်။ 

 

ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ ပေါကြွယ်ဝမှုနှင့် ရာသီဉတု မျှတကောင်းမွန်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးသည့် သီးနှံများမှာ စပါး ၊ မြေပဲ ၊ နှမ်း ၊ ပဲတီစိမ်း ၊ ပဲထောပတ် ၊ ကုလားပဲ ၊ နေကြာ ၊ ကြက်သွန် ၊ ခရမ်းချဉ်နှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးသည့်အပြင် ကြံစိုက်ခင်းများနှင့် ငှက်ပျော စိုက်ခင်းများကိုလည်း စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ၊ ထို့အပြင် အချို့ကျေးရွာမှ ဒေသခံတောင်သူများက နှစ်ရှည သီးနှံများ ဖြစ်သည့် လျှော်ဖြူ ၊ သရက်၊ သနပ်ခါးနှင့် မန်ဂျက်ရှား စိုက်ခင်းများကိုလည်း စမ်းသပ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

 

mdn

 

 “ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ၊ သံဘိုကျေးရွာမှာရှိတဲ့ ဒေသခံ တောင်သူတွေဟာ မြေအောက်ရေနဲ့ မုန်းချောင်းရေကို အမှီပြုပြီး မုန်းချောင်းတစ်လျှောက်မှာရှိတဲ့ ကိုင်းမြေ နဲ့ ကျွန်းမြေများတွင် ၁၂ လရာသီ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပါတယ်။ ယခုနှစ်မှာ ကျွန်တော်တို့ကျေးရွာက တောင်သူတွေ စမ်းသပ်စိုက်ပျိုးတဲ့ ခရမ်းညိုသီးနှံ စိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး သီးနှံအထွက်နှုန်းလဲကောင်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိပါတယ်။ ဒီ ခရမ်းညိုသီးမျိုးကို တချို့ကလည်း သပြေခရမ်းညိုသီးလို့လည်း ခေါ်ကြပါတယ်။ တောင်သူအများစု စိုက်ပျိုးကြတဲ့ သီးနှံတွေထဲမှာ ခရမ်းညိုသီးကို စိုက်ပျိုး တဲ့တောင်သူက နည်းပါးတယ်။ ခရမ်းညိုသီးဟာ ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုလည်း ရှိပါတယ်။ ဈေးနှုန်း ကလည်း လက်ရှိမှာ တစ်ခြား ခရမ်းသီးတွေထက် ဈေးနှုန်းပိုရပါတယ်။ ခရမ်းညိုသီးတစ်လုံးကို ငွေကျပ် ၃၀ဝ ရောင်းရပါတယ်။ ကိုင်းတက်ပွားသီးတွေ ဆိုရင်တော့ အလုံးသေးတော့ ပိဿာချိန်နဲ့ ရောင်းရပါတယ်။ တစ်ပိဿာကို အနည်းဆုံး ငွေကျပ် ၁၅၀ဝ နဲ့ ရောင်းချရပါတယ်။ ခရမ်းညိုသီးကို အကြိုက်တွေ့ပြီး ဝယ်ယူစားသုံးသူများလို့ မင်းဘူးမြို့ရှိ ကုန်းစိမ်းပွဲရုံတွေက  ရသလောက် ဝယ်ယူကြပါတယ်။ ခရမ်းညိုသီးနှံကို ဝါခေါင်လမှာ စတင်စိုက်ပျိုးပြီး တော်သလင်း ၊ သီတင်းကျွတ်လများတွင် ဆွတ်ခူးရောင်းချရပါတယ်။ ခုဆိုရင် (၂)ရက်ခြား တစ်ကြိမ်လျှင် ခရမ်းသီးအလုံးရေ ၃၀ဝ မှ ၄၀ဝ အထိ ဆွတ်ခူးရောင်းချရပါတယ်။  ဒါ့ကြောင့် ကျွန်တော်တို့ မြို့နယ်အတွင်းမှာရှိတဲ့ တောင်သူများအနေနဲ့ ဟင်းသီးဟင်းရွက်သီးနှံစားပင်များကို စိုက်ပျိုးရာမှာ ဈေးနှုန်းကောင်းတဲ့ ယခုလို ခရမ်းညိုသီးကို တွင်ကျယ်စွာ အားထားစိုက်ပျိုးကြစေလိုပါတယ် ဟု ပွင့်ဖြူမြို့နယ် သံဘိုကျေးရွာမှ ခရမ်းညိုသီး စိုက်ပျိုးတောင်သူ ဦးအောင်ကျော်စိုး က ပြောသည်။

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ( နွေ ၊ မိုး ၊ ဆောင်း ) ရာသီမပြတ် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး ထိုသို့ သီးနှံများစိုက်ပျိုးရာတွင် သီးနှံ ဈေးနှုန်းများကို လေ့လာပြီး မိရိုးဖလာ စိုက်ပျိုးလုပ်ကိုင်သည့် သီးနှံများကို စိုက်ပျိုးခြင်းမျိုး မဟုတ်ဘဲ တောင်သူသီးနှံဝင်ငွေ ပိုမိုရရှိစေမည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးရန် လည်း လိုအပ်လျက် ရှိရာ ယခုကဲ့သို့ ဈေးနှုန်းကောင်းမွန်သော ခရမ်းညိုသီးနှံကို တွင်ကျယ်စွာ စိုက်ပျိုးမည်ဆိုပါက စီးပွားရေး ပိုမို တွက်ခြေကိုက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)