ပဲခူး ၂၄ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် အောက်တိုဘာ(၂၃)ရက် ညနေ(၄)နာရီက သာယာဝတီမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းသွားရောက်ကြည့်ရှုခဲ့သည်။

 

ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရန်နိုင်မောင်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း၊ သာယာဝတီခရိုင်/မြို့နယ်တို့မှ တာဝန်ရှိသူများက သာယာဝတီခရိုင်၏ လက်ရှိ COVID-19 ရောဂါ ဖြစ်ပွားနေမှုအခြေအနေများ၊ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ကြုံတွေ့နေရသော အခက်အခဲများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြမှုများအပေါ်  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးတို့မှ သိလိုသည်များအား မေးမြန်းခြင်း၊ လိုအပ်သည်များကို ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး သာယာဝတီအကျဉ်းထောင် အတွက် လိုအပ်သော ကျန်းမာရေးအကာအကွယ်ပစ္စည်းများနှင့် ငွေသား (၁၀) သိန်းကျပ်နှင့် သာယာဝတီမြို့နယ်အတွက် ကျန်းမာရေးအကာအကွယ်ပစ္စည်းများနှင့် ငွေသား (၅) သိန်းကျပ်တို့အား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့‌သည့်အပြင် ဆက်လက်၍လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ်၊ တိုင်းရင်းဆေးရုံတွင် COVID-19 အတည်ပြုလူနာများ ထားရှိကုသပေးမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လူနာများအား တွေ့ဆုံအားပေးခဲ့ကာ လိုအပ်သည်သော ကျန်းမာရေးအကာအကွယ်ပစ္စည်းများနှင့် လိုအပ်သည်များ သုံးစွဲနိုင်ရန် မြို့နယ် COVID-19‌ကော်မတီထံ ထောက်ပံ့ငွေ(၅)သိန်းကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ(၂၃)ရက်နေ့အထိ COVID19 အတည်ပြုလူနာ စုစုပေါင်း (၂၀၂၉) ဦးရှိပြီး ပဲခူးခရိုင်တွင် (၉၁၉) ဦး၊ တောင်ငူခရိုင် (၃၁၀)၊ ပြည်ခရိုင် (၁၂၈) ဦး၊ သာယာ ဝတီခရိုင် (၅၄၇) ဦး ရှိသဖြင့် သာယာဝတီခရိုင်သည် တိုင်းဒေသကြီးအတွင်း ဒုတိယအများဆုံး အတည်ပြုလူနာရှိသည့် ခရိုင်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

mdn