မန္တလေး ၂၄ အောက်တိုဘာ
ကမ္ဘာ့ကပ်ရောဂါကြောင့် ကျောင်းများပိတ်ထားချိန်တွင် ကျောင်းသားအများစုမှာ မိမိအိမ်တွင် ကွန်ပျူတာသင်ယူမှု များပြားလာကြောင်း သိရသည်။
အများစုမှာ တန်ဖိုးနည်း ကွန်ပျူတာများကို ဝယ်ယူကာ ကွန်ပျုတာအခြေခံကို သင်ယူကြသည်။ မိဘများကလည်း စာဖတ်ခြင်း၊ ကွန်ပျူတာသင်စေခြင်းများဖြင့် သားသမီးများ ပညာရေးကို အားပေးလာကြသည်။
လက်ရှိကာလ မန္တလေးမြို့ အမရပူရမြို့နယ် သရက်တန်းရွာတွင် ကျောင်းသားများ အချိန်ပိုင်းဖြင့် ကွန်ပျူတာသင်ယူလျက်ရှိသည်။ ကွန်ပျူတာသင်ကြားရာတွင် ပဉ္စမတန်းမှ စတင်ကာ သင်ယူကြသည်။ ကျောင်းသားမိဘများမှာ တန်ဖိုးနည်း ကွန်ပျူတာများကို ဝယ်ပေးပြီး ကွန်ပျူတာ မဝယ်နိုင်သည့် ကျောင်းသားများကိုလည်း အလှည့်ကျ လေ့ကျင့်စေခြင်းဆိုသော မျှေ၀သုံးစွဲခြင်း စနစ်ဖြင့် သင်ကြားပေးလျက်ရှိသည်။
ကျောင်းပိတ်ထားချိန် ကျောင်းသားများ ကွန်ပျူတာ သင်ကြားလာသည့်အတွက် အနာဂတ်လူငယ်များ၏ ပညာရေးသည် ခေတ်မီလာကာ ပညာရေးစနစ် ပိုမိုတိုးတက်လာနိုင်သည့် အနေအထားတွင် ရှိသည်။ ဉာဏ်ရည်ထက်မြက်သည့် အရွယ်ဖြစ်သည့်အတွက် တတ်မြောက်မှု မြန်ဆန်ကာ မိမိကိုယ်ကိုယ် ယုံကြည်မှုပိုမိုများလာကြောင်း သရက်တန်းကျေးရွာမှ ကွန်ပျူတာအခမဲ့ ပညာဒါနအဖြစ် သင်ပေးသူ မခင်လေးထံမှ သိရသည်။
တိမ်တမန်


