မကွေး ၂၄ အောက်တိုဘာ
ကမ္ဘာပေါ်တွင်ရှားပါးသည့် မြန်မာနိုင်ငံဒေသအချို့ရှိ မျောက်လွှဲကျော်မျိုးစိတ်များသည် သဘာဝပတ်ဝန်းကျင် သစ်တော၊ သစ်ပင်များ ရှင်သန်ရေးကို အထောက်အကူပြုနေသောကြောင့် ၎င်းတို့ရှင်သန်ရေးအတွက် ထိန်းသိမ်းရန်လိုအပ်နေကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့-(မြန်မာ) FFI မှမြန်မာနိုင်ငံအစီအစဉ် မန်နေဂျာ ဦးငွေလွင်က ပြောသည်။
ကမ္ဘာပေါ်တွင် မျောက်လွှဲကျော်မျိုးစိတ် ၂၀ ရှိပြီး မြန်မာနိုင်ငံ၌ အနောက်ပိုင်းမျက်ခုံးဖြူ မျောက်လွှဲကျော်၊ အရှေ့ပိုင်းမျက်ခုံးဖြူ မျောက်လွှဲကျော်၊ စကိုင်းဝေါ့ကာ မျောက်လွှဲကျော်၊ မျောက်လွှဲကျော် လက်ဖြူ ဟူ၍ မျိုးစိတ်လေးမျိုးတွေ့ရှိထားရာ အနောက်ပိုင်းမျက်ခုံးဖြူ မျောက်လွှဲကျော်အား စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လည်းကောင်း၊ အရှေ့ပိုင်းမျက်ခုံးဖြူ မျောက်လွှဲကျော်ကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လည်းကောင်း၊ မျောက်လွှဲကျော် လက်ဖြူအား ကရင်ပြည်နယ်နှင့် တနသာရီတိုင်းဒေသကြီးတို့တွင် လည်းကောင်း၊ စကိုင်းဝေါ့ကာ မျောက်လွှဲကျော်အား ကချင်ပြည်နယ်၌ လည်းကောင်း၊ နေရာဒေသအလိုက် မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ မျောက်လွှဲကျော် မျိုးစိတ်များအားလုံးသည် အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN) ၏ မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိသည့်စာရင်းတွင် ပါဝင်နေကြောင်း ဆိုသည်။
“သစ်ပင်စိုက်တဲ့ထဲမှာ မျောက်လွှဲကျော်ဆိုတဲ့ သတ္တဝါလဲပါတယ်၊ မျောက်လွှဲကျော်တွေဟာ အသီးမှည့်ကို စားသောက်ရာမှာ အစေ့များပါ မျိုချတဲ့အလေ့အထရှိတယ်၊ အဲ့ဒီအစေ့များဟာ သူတို့သွားရာ လမ်းကြောင်းတစ်လျှောက်မှာ မစင်များနဲ့အတူ စွန့်ပစ်ရာတွင် သစ်တောများအတွင်း ပျံနှံ့ရောက်ရှိပြီး အပင်သစ်များကို ပေါက်ပွားရှင်သန်စေပါတယ်။ ဒါ့ကြောင့် မျောက်လွှဲကျော်များဟာ သဘာဝတောများတွင် အဓိကသစ်စေ့ သယ်ယူဖြန့်ဖြူးပေးသူများ ဖြစ်တယ်။ သစ်တောကိုအကျိုးပြုနေတဲ့ သတ္တဝါမို့ ထိန်းသိမ်းသင့်တယ်လို့ ပြောရတာ” ဟု အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့-(မြန်မာ) FFI မှ မြန်မာနိုင်ငံအစီအစဥ် မန်နေဂျာ ဦးငွေလွင်က ပြောသည်။
မျောက်လွှဲကျော် မျိုးစိတ်များမှာ ၎င်းတို့နေထိုင်ရာ သစ်တောများ လျော့နည်းလာခြင်း၊ သစ်တောများအရည်အသွေး ကျဆင်းလာခြင်း၊ သစ်တောများ အစိတ်စိတ်ကွဲလာခြင်း၊ အမဲလိုက်သတ်ဖြတ်မှုကို ခံရခြင်းတို့ကြောင့် မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိသည့်စာရင်းတွင် ပါဝင်နေခြင်းဖြစ်သည်။

သစ်ပင်ပေါ်တွင် နေထိုင်ပြီး အကောင်သေးငယ်သော မျောက်ဝံမျိုးများဖြစ်သည့် မျောက်လွှဲကျော်များသည် အပူပိုင်းသစ်တောများရှိသည့် တောင်နှင့် အရှေ့တောင်အာရှတို့တွင် တွေ့ရှိခဲ့ရသော်လည်း ၎င်းတို့သည် အနောက်မြောက်ဘက်တွင် အာသံပြည်နယ်၊ အရှေ့ဘက်တွင် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ၊ တောင်ဘက်တွင် မလေးကျွန်းစွယ်တစ်လျှောက်နှင့် ဆူမတြာ၊ ဘော်နီယို၊ ဂျာဗား၊ ဆူလဝီကျွန်းများအထိ ပျံ့နှံ့နေထိုင်ကြကြောင်း၊ လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ မျောက်လွှဲကျော်များအား ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များစာရင်းတွင် ထည့်သွင်းကာကွယ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ဖုန်ကန်ရာဇီဘေးမဲ့တော၊ ဟူးကောင်းချိုင့်ဝှမ်းဘေးမဲ့တော၊ အင်းတော်ကြီးဘေးမဲ့တော၊ ထမံသီဘေးမဲ့တော၊ မဟာမြိုင် အဆိုပြုဘေးမဲ့တော၊ မန်းအဆိုပြုဘေးမဲ့တော၊ ရခိုင်ရိုးမဆင်ဘေးမဲ့တော၊ ကရင်ပြည်နယ်နှင့် တနသာရီတိုင်းဒေသကြီးတို့ရှိ သစ်တောအချို့တွင် အဓိကတွေ့ရှိရကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ မျောက်လွှဲကျော်များနေ့ အထိမ်းအမှတ်အခမ်းအနားအဖြစ် ယနေ့ညနေပိုင်းတွင် အွန်လိုင်းဆွေးနွေးပွဲတစ်ရပ်ကိုလည်း အမေရိကန်စင်တာ၊ ရန်ကုန်၌ကျင်းပပြုလုပ်ကြောင်း၊ မြန်မာနိုင်ငံတွင် မျောက်လွှဲကျော် ထိန်းသိမ်းရေးလုပ်ငန်းများကို သစ်တောဦးစီးဌာန ဦးဆောင်မှုဖြင့် WCS (မြန်မာနိုင်ငံအစီအစဥ်)၊ Friends of Wildlife (FoW) နှင့် မြန်မာ(FFI)၊ NCS နှင့် ဝါပလောတို့မှ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ဒေသခံပြည်သူများ၊ ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာ (FFI) မှ သိရသည်။
သတင်းနှင့်ဓာတ်ပုံ- ပိန်းဇလုပ်-သိန်းညွန့်


