ပုဂံ ၂၅ အောက်တိုဘာ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ ဖွင့်လှစ်သည့် Hotel Guest list Management System သင်တန်းကို အောက်တိုဘာလ ၂၄ ရက်နေ့ညနေပိုင်းက ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲ၌ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းတွင် Hotel Guest list Management System သင်တန်းဖွင့်လှစ်ခြင်းအားဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင်လာရောက်၍ တည်းခိုသည့်ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ၏ ဝင်ရောက်မှု စာရင်းများ၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနနှင့် ဆက်စပ်လျက်ရှိသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၏ သတင်းအချက်အလက်များကို လုံခြုံစိတ်ချမှု ရှိစေရေးနှင့် ပြောင်းလဲလာသည့် နည်းပညာစနစ်ဖြင့် လွယ်ကူလျှင်မြန်စွာအသုံးပြုပြီး ဧည့်သည်ဝင်ရောက်မှု စာရင်း ဆောင်ရွက်နိုင်ရေးအတွက် Hotel Guest list Management System (HGMLS) စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ သင်ကြားပို့ချရခြင်းဖြစ်ပြီး ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဝန်ထမ်းများကို စဉ်ဆက်မပျက် ဆက်လက် သင်ကြား ပိုချသွားမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်က ရှင်းပြသည်။
အဆိုပါသင်တန်းကို ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ ကျောက်ပန်းတောင်းဒေသများရှိ ဟိုတယ်၊ တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား Online မှတစ်ဆင့် သင်ကြားပို့ချခဲ့ခြင်းဖြစ်သည်။
သင်တန်းသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ ပုဂံ-ညောင်ဦးမြို့ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ကွန်ပျူတာကျွမ်းကျင်သည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)


