မိုင်းယောင်း  ၂၅  အောက်တိုဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အထွေ‌ထွေရွေးကောက်ပွဲအတွက် မဲရုံပြုလုပ်ရန် လျာထားသည့် သတ်မှတ်နေရာများသို့ ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အဖွဲ့ ဝင်များသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အညီ ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးနိုင်ရန် မဲရုံပြုလုပ်မည့် လျာထားနေရာများသို့ သွားရောက်ပြီး မဲရုံအား လေဝင်/ထွက်ကောင်းမွန်ပြီး နေရာအကျယ်အဝန်း၊ လူဦးရေထူထပ်မှု မရှိစေရန် မဲရုံ အဝင်/ ထွက်လမ်း၊ မဲရုံပြင်ပနှင့် မဲရုံအတွင်း တစ်ဦးနှင့်တစ်ဦး ကွာခြားရမည့်အကွာအဝေး၊ မဲရုံပရိဝုဏ်အတွင်းတွင် မဲဆန္ဒရှင်ပြည်သူများနှင့် အခြားသူများ အသုးပြုနိုင်ရန်အတွက် လက်ဆေးရန်နေရာ၊ အဖုံးပါသော အမှိုက်ပုံးများ၊ မဲရုံတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပညာပေးပိုစတာများ ကပ်ထားရန်နေရာ စသည့် မဲရုံအခင်းအကျင်း အနေအထားများတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

မိုင်းယောင်းမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၂၆၅၄၉ ဦးရှိ၍ မဲဆန္ဒနယ်အမှတ်(၁)တွင် မဲရုံ ၃၃ ရုံ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲရုံ ၃၅ ရုံ ဖွင့်လှစ်ရန် လျာထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးစိုင်းမှိုင်ခမ်းထံမှ သိရသည်။

 

စိုင်းအောင်ဇော်လင်း

 

mdn