ညောင်ဦး ၂၅ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်မှပေးလွှတ်သော လျှပ်စစ်မြစ်ရေတင် ရေဖြင့် မိုးစပါး ၆၀၄ ဧက စိုက်ပျိုးပြီးစီးအောင်မြင် ဖြစ်ထွန်းနေပြီဖြစ်ကြောင်း ငါ့သရောက် လျှပ်စစ် မြစ်ရေတင် တာဝန်ခံဦးအောင်အောင်(ဦးစီးအရာရှိ)က ပြောကြားသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်ဖြင့် မိုးစပါး စိုက်ပျိုးရန် ဩဂုတ်လတွင် စတင် ပျိုးထောင် ခဲ့ကြောင်း ၊ပျိုးထောင်ပြီး ၂၁ ရက်သား ပျိုးပင်များအား လယ်ကွင်းအတွင်း ပြောင်းရွေ့ စိုက်ပျိုးကြကြောင်း သိရသည်။
ငါ့သရောက် မြစ်ရေတင်ဖြင့် ဆင်းသုခ၊ မနောသုခစပါးမျိုးတို့တောင်သူများ စိုက်ပျိုးကြ ကြောင်း၊ ငါ့သရောက်မြစ်ရေတင်ဖြင့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းစနစ်လည်း စိုက်ပျိုးကြကြောင်း၊ တိုက်ရိုက် စပါးအစေ့ချစိုက် ပျိုးခြင်းသည် ပျိုးထောင်စိုက်ပျိုးခြင်းထက် အထွက်နှုန်းလျော့သော်လည်း စရိတ်စက၊ လူပင်ပန်းမှု အလွန်သက်သာကြောင်း မြစ်ရေဖြင့်စိုက်ပျိုးရခြင်းကြောင့် စပါးခင်းများကောင်း မွန်ကြကာ မရမှာလည်းမစိုးရိမ်ရကြောင်း အုန္နဲကျောင်းရွာ စပါးစိုက်တောင်သူ ဦးဌေးကရှင်းပြသည်။
မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ စပါးသီးနှံ ရိတ်သိမ်းပြီးချိန်အထိ တစ်ဧက စိုက်ပျိုးရေသွင်းစရိတ် ၆၀ဝ၀ ကျပ်ပေးသွင်းရပြီး၊ နွေစပါး စိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ၉၀ဝ၀ ကျပ် ပေးရကြောင်း ၊အခြားသီးနှံအတွက် ၃၀ဝ၀ ကျပ် ပေးသွင်းရကြောင်း သိရသည်။မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင် တစ်နှစ်ပတ်လုံးမှ မိုးရေချိန် ၂၀လက်မအောက်သာရွာသွန်းခြင်းကြောင့် စပါးအောင် ရေအထိ မြစ်ရေတင်ရေသွင်းရကြောင်း တစ်ဧကသွင်းဈေးလည်းတန်လွန်းကြောင်း မိုးစပါးစိုက် တောင်သူများက ရှင်းပြသည်။မိုးစပါးစိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက် ပျိုးခ ငွေကျပ် ၅၅၀ဝ၀ ဖြင့်စိုက် ဧကပြတ်စိုက်ပျိုးလာကြကြောင်း မိုးစပါးစိုက်တောင်သူ ဦးဌေးကပြောသည်။
ငါ့သရောက် မြစ်ရေတင်ရေသည် သောက်သုံးရေအတွက်လည်း ကျေးရွာသုံးရွာအား ရေလွှတ် ပေးထားကြောင်း၊ ညောင်ဦးမြို့နယ်တွင် လက်ပံခြေပေါ်မြစ်ရေတင်၊ ငါ့သရောက်မြစ်ရေတင်၊ သူကောင်းတည်မြစ်ရေတင်၊ ကျောက်ကူးမြစ်ရေတင်၊ လောကနန္ဒာမြစ်ရေတင် လျှပ်စစ်မြစ်ရေတင် ငါးခုရှိကြောင်း ၊ငါ့သရောက်မြစ်ရေတင် တာဝန်ခံ ဦးအောင်အောင်(ဦးစီးအရာရှိ)ကရှင်းပြ၍ သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


