ကော့မှူး ၂၅ အောက်တိုဘာ

 

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး/ဒုတိယ မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ယနေ့ နံနက်(၁၀)နာရီက နတ်စင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထင်အောင်တို့က ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး/ဒုတိယမဲရုံမှူး ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား လုပ်ငန်းလမ်းညွှန်ချက်များ၊ လုပ်ငန်းလက်စွဲများ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလာဒ်များ ထုတ်ပြန်ကြေညာခြင်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး လုပ်ငန်း လမ်းညွှန်ချက်များကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းတွင် မဲရုံမှူး/ဒုတိယမဲရုံမှူး (၃၂၂)ဉီးတို့အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကိုဗစ်(၁၉)အစီအမံများနှင့်အညီ အခန်း(၂)ခန်းတွင် (၃)ရက်ခွဲ၍ အောက်တိုဘာလ(၂၅)ရက်မှ အောက်တိုဘာလ (၂၇)ရက်နေ့အထိ သင်ကြားပို့ ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်သူရ-ကော့မှူးပြန်/ဆက်