မန္တလေး ၂၅ အောက်တိုဘာ
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအား စေတနာရှင် အလှူရှင် မိသားစုက စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို အောက်တိုဘာ ၂၄ ရက် ညနေ ၄ နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက်(၅၅)၊ ၈၁လမ်း၊ ၁၄လမ်း နှင့် ၁၅လမ်းကြားရှိ အလှူရှင်မိသားစု၏ နေအိမ်ရှေ့တွင် ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန်အတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီသည့် အနေဖြင့် စေတနာရှင် အလှူရှင် ဦးဌေးလွင်နှင့် ဒေါ်လဲ့ရည်ဝင်း "စိမ်းနုဝါပုံနှိပ်လုပ်ငန်း" မိသားစုက ရပ်ကွက်အတွင်းရှိ ဝင်ငွေနည်းပါးသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၀၀)စုအား အိမ်ထောင်စုတစ်စုလျင် ဆန်(၃)ပြည်၊ ဆီ(၃၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန် (၂၅)ကျပ်သား၊ အာလူး(၂၅)ကျပ်သား၊ ဟင်းချိုမှုန့်(၂၅)ကျပ်သားတို့ကို ထောက်ပံ့လှူဒါန်းကြသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းရာသို့ ပြည်လုံးချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်နှင့် ရာအိမ်မှူးများက လူစုလူဝေး မဖြစ်ပွားစေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


