ကော့ကရိတ် ၂၅ အောက်တိုဘာ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ကာလအတွင်း ရောဂါ လက္ခဏာ သံသယရှိသူများ Fever Clinic ကို ၂၀၂၀-ပြည့်နှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့မှစ၍ ဝင်းကြီးရပ်၊ အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနီး ယခင် တီဘီရောဂါစမ်းသပ်ကုသရေးဌာနဟောင်း အောက်ဆေးပေးခန်းတွင် အစိုးရရုံးဖွင့်ရက်များ၌ စမ်းသပ်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
COVID-19 ကာလအတွင်း ရောဂါလက္ခဏာ သံသယရှိသူများ၊ ဖျားနာသူများ၊ နှာစေး ချောင်းဆိုး၊ လည်ချောင်းနာ၊ အသက်ရှုမဝခြင်း၊ အနံ့မရခြင်း၊ ကိုယ်အလွန်ပူခြင်း စသော ရောဂါများကို COVID-19 ရောဂါပိုးကြောင့် ဖြစ်ပွားခြင်း ဟုတ်/မဟုတ် လာရောက်စမ်းသပ်နိုင်ပြီး အစိုးရ ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီမှ ၁၂ နာရီ အတွင်းနှင့် ညနေ ၂ နာရီမှ ၄ နာရီအတွင်း တာဝန်ကျ ဆရာဝန်များနှင့် သူနာပြုဆရာမများမှ ကုသစမ်းသပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ဆေးရုံကြီး၊ လက်ထောက် ဆရာဝန် ဒေါက်တာ ဦးကိုကိုဦးထံမှ သိရှိရသည်။
(ကျော်စိုးလွင်ခရိုင် ပြန်/ဆက်)


