ကျောင်းကုန်း ၂၅ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံသုံးပစ္စည်းများ ဖြန့်ဝေခြင်းနှင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် တွေ့ဆုံဆွေးနွေးမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ရပ်ကွက်နှင့်ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးများအား မိမိတို့၏ လုပ်ငန်းတာဝန်များ ကျေပွန်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ မဲရုံသုံးပစ္စည်းများ ထုတ်ပြီးလျှင် လုံခြုံစိတ်ချရမည့်နေရာတွင် ထားစေလိုကြောင်း ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအုန်းကြိုင်က ကြိုတင်ဆန္ဒမဲပေးခြင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် မဲရုံမှူးနှင့် ဒုမဲရုံမှူးတို့က မဲရုံအဖွဲ့ဝင်များအား ဆင့်ပွားသင်တန်းများ ပို့ချပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်စုမြတ်ထိုက်က ဖြန့်ဝေပေးမည့် မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထုတ်ပေးမည့်အရေအတွက်ကို ရှင်းလင်းပြောကြားပြီး ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးစိုးလွင်မော်က ကြိုတင်ဆန္ဒမဲပေးပုံအဆင့်ဆင့်နှင့် ကြိုတင်ဆန္ဒမဲ နေအိမ်သို့ လိုက်လံကောက်ခံရာတွင် ဆောင်ရန်/ရှောင်ရန်များ ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ကျောင်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ရှိ ရပ်ကွက်/ကျေးရွာ (၃၆)အုပ်စုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ မဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ဆက်လက်၍ အောက်တိုဘာ ၂၆ ရက်တွင် မဲဆန္ဒနယ်အမှတ်(၂)ရှိ ရပ်ကွက်/ကျေးရွာ (၃၂)အုပ်စုသို့ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


