နေပြည်တော် ၂၅ အောက်တိုဘာ
မိုင်းဆတ်မြို့နယ်တွင် ယမန်နေ့က ငွေကျပ် ၂ ဒသမ ၅၄၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ အိုက်စ်များ၊ ကဖင်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်စ္စည်းများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် သတင်းအရ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း-မိုင်းဆတ်သွား ကားလမ်း၊ ပါခါးကျေးရွာအနီးတွင် မိုင်းတွမ်းမှ မိုင်းဆတ်ဘက်သို့ အားဖျော်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီခွဲခန့်တွင် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းအုပ်စု၊ နမ့်ခမ်း(၁)အောက်ကျေးရွာရှိ လော်ချာနှင့် လော်ဖာတို့၏ နေအိမ်အားရှာဖွေရာ ၎င်းတို့အားမတွေ့ရှိဘဲ အဆိုပါနေအိမ်အတွင်းမှ အိုက်စ် ၁၂၄ ကီလို၊ ကဖင်း ၆၅၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ရိုက်နှိပ်ရာတွင် အသုံးပြုသည့်သံမို WY စာတန်းပါ ၁၁ ချောင်းနှင့် စာတန်းမပါ ၁၁ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အားဖျော်(ခ)အားဖြိုး (၁၉)နှစ်၊ တိမ်းရှောင်တရားခံ လော်ဖာ (၂၈)နှစ်၊ လော်ချာ (၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်လျက်ရှိကြောင်းနှင့် လော်ဖာမှာ တာချီလိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ် မေ ၇ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း ဖမ်းဆီးရမိခဲ့သည့် အမှုမှ ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်