mdn

ရန်ကုန် ၂၅ အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၅ ရက် မွန်းလွဲ နာရီခွဲခန့်တွင် ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဥ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးစစ်ဆေးပေးနေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်းမရှိစေရေးနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု မရှိစေရန် ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နှင့် လှည်းကူးမြို့နယ် ရန်ကုန် - မန္တလေး အမြန်လမ်း ဇီးရိုးမိုင်တို့ရှိ စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးနေမှုများနှင့် ပိုးတွေ့လူနာတွေ့ရှိပါက သက်ဆိုင်ရာရောဂါကုသရေးဌာနသို့ မပို့ဆောင်မီ ယာယီကျန်းမာရေး စောင့်ရှောက်ထားရှိမည့် အဆောင်ကို ကြည့်ရှုစစ်ဆေးကာ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများကို နှုတ်ဆက်အားပေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ယနေ့အထိ ၁၅၀၀ ခန့် စစ်ဆေးပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းအင်အား ၁၀ ဦးကျော်ဖြင့် အုပ်စုနှစ်စုခွဲပြီး နံနက် နာရီမှ ညနေ နာရီအထိ တစ်နေ့သုံးကြိမ် အလှည့်ကျစစ်ဆေးပေးလျက်ရှိကြောင်း လှည်းကူးမြို့နယ် ဆရာဝန်ကြီး ဒေါက်တာရန်နိုင်ဆွေထံမှသိရသည်။

 

ထိုသို့စစ်ဆေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီ အစိုးရအဖွဲ့၏ ဦးဆောင်မှုများဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီတို့က ဆောင်ရွက်ခြင်းဖြစ်ပြီး ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် တစ်ဦးလျှင် တစ်သောင်းကျပ် ပေးသွင်း၍ ကျန်းမာရေးထောက်ခံစာ တစ်ပါတည်းပေးအပ်ကာ ရောဂါပိုးမတွေ့ရှိသူများသည် ၇၂ နာရီ၊ ရက်ကျော်ပါက ထပ်မံစစ်ဆေးရမည် ဖြစ်သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Max Highway Co., Ltd နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့မှ ဆောက်လုပ်လှူဒါန်းသည့် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာရှိ တိုင်းဒေသကြီး အဝင်/အထွက် လုံခြုံရေးနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးစခန်း (လှည်းကူး) တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

မြို့နယ် (ပြန်/ဆက် မင်္ဂလာဒုံ)