mdn

ရွှေဘို ၂၅ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများအား မဲရုံဆိုင်ရာ အသိပညာပေးသင်တန်းကို အောက်တိုဘာ ၂၃ ရက် နံနက် နာရီက ရွှေဘိုမြို့ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပို့ချပေးကြောင်း သိရသည်။

 

သင်တန်းတွင် ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေဘိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာတင်ဝင်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ ရွှေဘိုခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်းဦးက သင်တန်းပို့ချရခြင်းနှင့် စပ်လျဉ်း၍   ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းကို လာမည့်ရွေးကောက်ပွဲကာလအတွင်း ရွှေဘိုမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးများအား သင်တန်းနည်းပြများအဖြစ် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရွေးကောက်ပွဲနည်းဥပဒေဆိုင်ရာများ၊ မဲရုံကြိုတင်ပြင်ဆင်ခြင်း၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများမှ စာရွက်စာတမ်း၊ ဆက်စပ်ပစ္စည်းများ လွှဲပြောင်းလက်ခံခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲစာရင်းစစ်ဆေးသူများ၏ လုပ်ငန်းတာဝန်များ၊  မဲလက်မှတ်ထုတ်ပေးသူ၊ လုံခြုံရေးနှင့် မင်တို့သူတို့၏ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မဲရုံမဖွင့်မီ၊ မဲရုံဖွင့်ချိန်မှ ပိတ်သိမ်းချိန်ထိ မဲရေတွက်ထုပ်ပိုးခြင်းနှင့် စနစ်တကျအပ်နှံခြင်းဆိုင်ရာ  မဲရုံလုပ်ငန်းစဉ်များ၊ ခိုင်လုံမဲနှင့် ပယ်မဲများအကြောင်း၊ ဆန္ဒမဲရေတွက်ခြင်းနှင့် ပုံစံများဖြည့်သွင်းခြင်း စသည့် ရွေးကောက်ပွဲကျင်းပစဥ်ကာလ မဲရုံနှင့်ဆိုင်သော သိသင့်သိထိုက်သည်များကို သင်ကြားပို့ချပေးလျက်ရှိပြီး စံပြမဲရုံခင်းကျင်းသရုပ်ပြခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အညီ စာတွေ့လက်တွေ့ သရုပ်ပြသင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။     

 

ရွှေဘိုမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၈၆ အုပ်စုရှိပြီး မဲဆန္ဒရှင်ဦးရေ ၂၂၀၀၅၅ ဦးရှိကာ အထွေထွေရွေးကောက်ပွဲအား မဲရုံပေါင်း ၁၇၁ ရုံဖြင့် လာမည့်နိုဝင်ဘာ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါမဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး စုစုပေါင်း ၄၂၈ ဦးရှိပြီး သင်တန်းကို ရက်ခွဲ၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း ရွှေဘိုခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်းဦးက ပြောသည်။ သင်တန်းပြီးမြောက်သည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများက မိမိတို့တာဝန်ကျရာ နယ်မြေအလိုက် မဲရုံအဖွဲ့ဝင်များအား ထပ်မံဆင့်ပွားပို့ချပေးကြမည်ဖြစ်ကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)