mdn

နေပြည်တော် ၂၅ အောက်တိုဘာ

ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ အပတ်စဉ် တင်ပြဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများ၏ (၉၀) ရာခိုင်နှုန်းသည် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါစသည့် နာတာရှည်အခံရောဂါရှိနေသူများ ဖြစ်သည့်အပြင် သေဆုံးသူအများစုသည် အသက်အရွယ်ကြီးသူ အမျိုးသားများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ နာတာရှည်ရောဂါ အခံရှိသူများနှင့် အသက်အရွယ်ကြီးသူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရသည့် တစ်အိမ်တည်းနေသူများထံမှတစ်ဆင့် ရောဂါကူးစက်ခံရနေမှုများကို တွေ့ရှိရပါကြောင်း။

ထိုသို့ နာတာရှည်ရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် တစ်အိမ်တည်းနေထိုင်သူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားစားသောက်ခြင်း၊ အချိန်ခြား၍ စားသောက်ခြင်းနှင့် ဖြစ်နိုင်ပါက သီးခြားအိပ်စက်ခြင်းတို့ကို အထူးသတိပြု လိုက်နာဆောင်ရွက်ကြရန် မြို့နယ်၊ ရပ်ကွက်များတွင် လက်ကိုင်အသံချဲ့စက်များ အသုံးပြုကာ ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ကြစေလိုပါကြောင်း၊ အသိပေးနှိုးဆော်မှုများအပြင် အသွားအလာ ကန့်သတ်ရာနေရာ (quarantine site) များ၊ လတ်တလော အနံ့ပျောက် လက္ခဏာရှိသူများ ထားရှိရာစင်တာများ၊ ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသမှုဌာနများတွင် ရောက်ရှိနေသည့် မကူးစက်တတ်သော ရောဂါအခံရှိသူများတွင် သောက်လက်စဆေးဝါးများ မပြတ်လပ်စေရေးအတွက် မိမိတို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းတို့အားလည်း အခြားရောဂါအခံ မရှိသူများနှင့် ကွဲပြားရန်နှင့် မြင်သာစေရန် တစ်နည်းနည်းဖြင့် အမှတ်အသားပြုလုပ်ကာ ၎င်းတို့ကို ရောဂါအခြေအနေကို အထူးစောင့်ကြပ်ကြည့်ရှုရမည် ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနမှ မကူးစက်တတ်သော ရောဂါကာကွယ်နှိမ်နင်းရေးဌာနခွဲမှ အဆိုပါစင်တာများနှင့် ဆေးရုံများသို့ ဆေးဝါးများ ဖြန့်ဝေထားသည်ဆိုသော်လည်း ရောက်ရှိမှု ရှိ၊ မရှိနှင့် ရောက်ရှိပါကလည်း ၎င်းလူနာများ သောက်သုံးမှု ရှိ၊ မရှိ အခြေအနေကိုလည်း ဆန်းစစ်သုံးသပ်ကာ လိုအပ်သလို ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ အခြားနိုင်ငံများတွင် ကိုဗစ်-၁၉ နှင့် နာတာရှည်ရောဂါအခံတို့ ဆက်စပ်သေဆုံးမှု အခြေအနေများကိုလည်းကောင်း၊ ကုသမှုကုထုံးများကိုလည်းကောင်း လေ့လာဆန်းစစ် သုံးသပ်စေလိုပါကြောင်း။

ယခုအချိန်၌ အသွားအလာကန့်သတ်ထားရာနေရာ၊ လတ်တလော အနံ့ပျောက်လက္ခဏာရှိသူများထားရှိရာ စင်တာများနှင့် ဆေးရုံသို့ ရောက်ရှိလာသူများ နည်းပါးလာစေရေးနှင့် ကူးစက်ပျံ့နှံ့မှုကျဆင်းစေရန်အတွက် အဓိကလုပ်ဆောင်ရမည်မှာ ပြည်သူ့ကျန်းမာရေးနည်းဗျူဟာများအနက် ကျန်းမာရေး အသိပညာပေးနှိုးဆော်မှု များပင်ဖြစ်သဖြင့် ဤကိစ္စအား ပိုမိုအားဖြည့် ဆောင်ရွက်စေလိုပါကြောင်း၊ အသွားအလာကန့်သတ်ထားရာနေရာ၊ လတ်တလော အနံ့ပျောက်လက္ခဏာရှိသူများ ထားရှိရာစင်တာများ၊ ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများ၌  လူနာများအား ခုတင်နေရာချကာ စနစ်တကျထားရှိနိုင်ရေး စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် နေ့စဉ်ဆွေးနွေးလုပ်ဆောင်နေသည့် အဖွဲ့များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါနေရာများ၌ လူနာများဆိုင်ရာ သတင်းအချက်အလက်များကို ပြုစုရာတွင်လည်း လွယ်ကူလျင်မြန်ရိုးရှင်းသည့် ပုံစံများဖြင့် ဆောင်ရွက်စေလိုပါကြောင်း၊ ယင်းမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များကိုလည်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ နေ့စဉ်သုံးသပ်လျက်ရှိပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများ လက်ခံကုသမှုပေးခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းထားရှိမှုများကို သဘောတူပါသဖြင့် ဆက်လက်၍ အသေးစိတ်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယခုတင်ပြဆွေးနွေးရာတွင် လက်ရှိအခြေအနေအရပ်ရပ်အား ခြုံငုံသုံးသပ်မှုများနှင့် လိုအပ်ချက်များအား ရှင်းလင်းစွာဖြင့် တင်ပြကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ လူနာများကုသမှုပေးနေသည့် ဆေးရုံနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများအလိုက် စောင့်ကြည့်လူနာခုတင်များ၊ ကိုဗစ်-၁၉ လူနာခုတင်၊ အောက်ဆီဂျင်ပေးကုသမှု ဆောင်ရွက်နိုင်သည့် လူနာခုတင်များ၊ အထူးကြပ်မတ် ကုသဆောင်များ အရေအတွက်၊ လက်ရှိ တက်ရောက်ကုသမှုခံယူနေသည့် အရေအတွက်နှင့် လူနာများကုသရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာ တိုးသီရိအောင်က ဓာတ်ခွဲစစ်ဆေးမှုနှင့် ဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိမှု အခြေအနေများ၊ အသွားအလာ ကန့်သတ်ထားရှိမှု အခြေအနေများနှင့် ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒ ခြုံငုံသုံးသပ်မှုများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင်က ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုချက်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး (ကျန်းမာရေး အသိပညာမြှင့်တင်ရေး) ဒေါက်တာသန်းနိုင်စိုးက ရပ်ကွက်များနှင့် ဈေးများ၌ ရပ်ကွက်တွင် နေထိုင်သူများကလည်းကောင်း၊ ဈေးများတွင် ဈေးရောင်းချသူနှင့် ဈေးဝယ်သူများက လည်းကောင်း အသံချဲ့စက်ငယ်များဖြင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်စေခြင်း၊ အချင်းချင်း အသိပညာပေးနှိုးဆော်ခြင်း (peer education) ပုံစံဖြင့် ဆောင်ရွက်သွားရန် အကြံပြုချက်နှင့် ထိုသို့ အသိပညာပေးရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာအချက် အလက်များကို လွယ်ကူရိုးရှင်းစေရေး မွမ်းမံပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က  အကျဉ်းထောင်နှင့် အချုပ်ထောင်အချို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားတွေ့ရှိမှု အခြေအနေနှင့် အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း တင်ပြကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဈေးများတွင် ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်း အပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနများရှိ ကျန်းမာရေးဌာနများ ပါဝင်ဆောင်ရွက်ရန်အတွက် ချိတ်ဆက်ဆောင်ရွက်သွားရေးကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှု ဆောင်ရွက်ခြင်းနှင့် ဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများ လက်ခံကုသမှုပေးခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းထားရှိမှုများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း တင်ပြကြသည်။

ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆုံးဖြတ်ဖြည့်ဆည်းမှုများ ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယခုအချိန်၌ ကိုဗစ်-၁၉ ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် အဓိကဆောင်ရွက်ရမည့်အချက်မှာ မိမိတို့ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းနည်းဗျူဟာများကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ပံ့ပိုးပါဝင်မှုများဖြင့် အထူးအားဖြည့် ဆောင်ရွက်ရမည့် အချက်ဖြစ်ပါကြောင်း၊ လက်ကိုင်အသံချဲ့စက်များ အသုံးပြု၍ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ၌ ရပ်ကွက်သူ/သားများ၊ ဈေးရောင်းသူများ၊ ဈေးဝယ်သူများ၊ စက်ရုံ/အလုပ်ရုံ အလုပ်သမားများက ကိုယ်တိုင်ပါဝင် ဆောင်ရွက်စေခြင်းဖြင့် လည်းကောင်း၊  မိမိနေအိမ်နှင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများက အချင်းချင်း ကျန်းမာရေးအသိပညာများ မျှဝေခြင်းဖြင့် လည်းကောင်း ဆောင်ရွက်ပါက ပိုမိုထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှု မများပြားသေးသည့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့်လည်း မိမိတိုင်း ဒေသကြီး/ ပြည်နယ်များ၌ ဖြစ်တော့မည်ဟူသောပုံစံဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ နှီးနွှယ်ဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတစေတနာရှင်များနှင့် ပူးပေါင်းကာ ကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်စေလိုပါကြောင်း၊ လိုအပ်သည်များကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်