မန္တလေး ၂၅ အောက်တိုဘာ
မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသူ များပြားလာသည့်အတွက် အောင်မြေသာစံမြို့နယ် ၆၂ လမ်းနှင့် ၁၄ လမ်းထောင့်ရှိ ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံကြီး (မန္တလေး) အတွင်းရှိ ယခင် ကုသရေးနှစ်ထပ်ဆောင်ကို ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများ ထားရှိရန် ဆောင်ရွက်နေကြောင်း သိရသည်။
ကိုဗစ်-၁၉ အတည်ပြုလူနာများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် တိုးချဲ့ပြင်ဆင်နေမှုလုပ်ငန်း၊ အခန်းဖွဲ့စည်းပုံနှင့် နေရာအခြေအနေများ၊ အခြားလိုအပ်မည့်ကိစ္စရပ်များအတွက် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
“မန္တလေးခရိုင် အတွင်းမှာလည်း မြို့နယ်အလိုက် ကိုဗစ်ရောဂါပိုး တွေ့ရှိသူတွေ များပြားလာတဲ့အတွက်ကြောင့်လည်း လိုအပ်ချက်အရ အုပ်ချုပ်မှုအပိုင်းရော၊ သွားလာမှု လွယ်ကူစေရေးအတွက်ပါ ပိုမိုသင့်တော်နိုင်မယ့် နေရာတွေရှာဖွေပြီး ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စံချိန်စံညွှန်းနှင့်အညီ တိုးချဲ့ပြင်ဆင်မှုလုပ်ငန်းတွေကို စီမံဆောင်ရွက်ကြတာပါ” ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
အဆိုပါ နှစ်ထပ်ဆောင်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု အတည်ပြုသူ ဦးရေ ၁၄၀ ခန့် ထားရှိသွားမည်ဟု သိရသည်။
ဖြိုးအိ


