စေတုတ္တရာ ၂၆ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ စိုက်ပျိုးထားသော ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ မွန်ဇော်အုပ်စုရှိ မျိုးစေ့ထုတ် စိုက်ခင်းများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection)ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection)ဆောင်ရွက် ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ မွန်ဇော်အုပ်စုရှိ မျိုးစေ့ထုတ် စိုက်ခင်းများတွင် ပင်ပွားကျာဘမ်းယူခြင်း၊ မျိုးကွဲရှိ/မရှိ စစ်ဆေးခြင်း၊ မှုသီးရောဂါကျရောက်သော အပင်အနှံများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပေါင်းမြက်များရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ မွန်ဇော်အုပ်စုတွင် မျိုးစေ့ထုတ် သမဝါယမ အသင်းမျိုးစေ့ထုတ် စိုက်ခင်းဧက (၂၇)ဧကနှင့် အကျိုးဆောင် တောင်သူမျိုးစေ့ထုတ် စိုက်ခင်းဧက (၁၀)ဧက စုစုပေါင်း မျိုးစေ့ထုတ်စိုက်ခင်းဧက(၃၇)ဧကရှိပြီး စပါးမျိုးများအနေဖြင့် ဧရာမင်း၊ ဆင်းသုခ၊ ထိုင်းနှံကောက်နှင့် မနောသုခ စပါးမျိုးများ စိုက်ပျိုးထားကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်အရ မျိုးစေ့ထုတ် စိုက်ခင်း ဧက(၁၀ဝ) ဆောင်ရွက်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက မျိုးစေ့ထုတ် စိုက်ခင်းများတွင် မျိုးကွဲနုတ်ပယ်ခြင်းများ၊ အပင်ဖြစ်ထွန်းမှုအခြေအနေများနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တောင်သူများအနေဖြင့် မျိုးစေ့ထုတ် စိုက်ခင်းများ ဆောင်ရွက်ခြင်းဖြင့် မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ခြင်း၊ ထွက်ရှိလာသည့် ဆန်အရည်အသွေး ကောင်းမွန်ခြင်း၊ ဈေးကောင်း ရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)


