ကျုံပျော် ၂၆ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင် သိမှတ်ဖွယ်ရာ ပညာပေးဆွေးနွေးပွဲကို သန်လျှက်စွန်း ကျေးရွာအုပ်စု၌ အောက်တိုဘာ ၂၅ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို ကျုံပျော်မြို့နယ်ရှိ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းက ဦးဆောင် ဆောင်ရွက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် မဲပေးနည်း စနစ်မှန်ကန်ရေး၊ မိမိထည့်သွင်း သည့်မဲအား ပယ်မဲမဖြစ်စေရေးအတွက် ခိုင်လုံမဲ/ ပယ်မဲ ကြိုတင် သိထားသင့်သည့် အချက်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လုံလောက်သော အကွာ အဝေးမှ နေရာခြားကာ မဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်တို့ကို ပညာပေးဆွေးနွေးကြပြီး တက်ရောက် လာသူများ၏ သိလိုသည့်မေးမြန်းချက်များကိုလည်း ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၉၀ဝ၀ဝ ဝန်းကျင် ရှိပြီး မြို့နယ်အတွင်း မဲရုံပေါင်း ၂၃၃ ရုံဖြင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေဝင်းမြင့် (ကျုံပျော်)


