ပင်လည်ဘူး ၂၆  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရွာသာယာကျေးရွာအုပ်စု၊ တုံးဖလားကျေးရွာတွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ကွက်များအား ရင့်မှည့်ချိန် မျိုးကွဲစစ်ဆေးခြင်း၊ ပေါင်းမြက်စစ်ဆေးခြင်း၊ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်း၊ ကြံ့ခိုင်မှုနှင့် အထွက်နှုန်းတို့အား ကွင်းဆင်းစစ်ဆေးခြင်း(Field Inspection Campagin) ကို အောက်တိုဘာ ၂၅ရက်နေ့က ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းနိုင်နှင့် ကွင်းတာဝန်ခံဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးဦးသက်ထွန်းဇော်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးနိုင်းလိန်းဟုမ်းနှင့် မျိုးစေ့ထုတ်တောင်သူများ တက်ရောက်ခဲ့ကြကာ တောင်သူများအား စပါးမျိုးစေ့ထုတ်ကွက်များ အချိန်မီ စနစ်တကျ ရိတ်သိမ်းခြွေလှေ့ အခြောက်ခံခြင်းနှင့်ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနေဝင်းနိုင်မှ ရှင်းလင်းဆွေးနွေးပညာပေး ပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ပင်လည်ဘူးမြို့နယ်တွင် စပါးများကို ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် ဆင်းဧကရီ-၃ စပါးမျိုးကိုသာ အများဆုံး စိုက်ပျိုးကြကာ မြို့နယ်အတွင်း CERP အစီအစဉ်ဖြင့်ဆင်းဧကရီ-၃ စပါးမျိုးစေ့ထုတ်ကွက်ဧက (၃၅၀) စိုက်ပျိုးထားရှိရာ အဆိုပါစပါးမျိုးစေ့ထုတ်ကွက်များမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)