ဗန်းမော်   ၂၆    အောက်တိုဘာ

 

ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံသုံးပုံစံများ၊ မဲပုံးများ၊ ခြင်းတောင်းများ၊ ဆန္ဒပြုခန်းများ၊ ဆန္ဒမဲလက်မှတ်များကို ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများသို့ ထုတ်ပေးခြင်းကို အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီတွင် ဆောင်ရွက်သည်။

 

အဆိုပါ မဲရုံသုံးပစ္စည်းများထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်  ကြိုတင်မဲနှင့် ပတ်သက်သည့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ နိုဝင်ဘာ(၈)ရက်နေ့တွင် မဲရုံ၌ မဲပေးစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသာဗျော၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုလင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုင်းညီညီတို့က မှာကြားဆွေးနွေးခဲ့သည်။

 

ထို့နောက် ဗန်းမော်မြို့နယ်အတွင်းရှိ မဲရုံ(၆၉)ရုံအတွက် မဲရုံတွင်အသုံးပြုမည့် ပုံစံများ၊ ဆန္ဒမဲလက်မှတ်များနှင့် စုစုပေါင်း မဲပုံး (၄၄၈)ပုံး၊ ခြင်းတောင်း (၆၉၀)၊ ဆန္ဒပြုခန်း (၇၁၁)ခန်းကို ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ ထုတ်ပေးခဲ့ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

 

ခရိုင်ပြန်/ဆက်