တနိုင်း ၂၆ အောက်တိုဘာ
ကချင်ပြည်နယ်၊ မြစ်ကြီးကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် အောက်တိုဘာလ(၂၀)ရက်နေ့မှစ၍ မိုး အဆက်မပြတ်ရွာသွန်းခြင်းကြောင့် တဝမ်ချောင်းရေမြင့်တက်လာရာ နမ္မတီး-တနိုင်း-ပန်ဆောင် သွားလမ်းတွင် လမ်းသားများရေတိုက်စားခြင်းနှင့် လမ်းရေကျော်ခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း သိရသဖြင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် ကော်မတီဝင်များ၊ မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများမှ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပျက်ဆီး ဆုံးရှုံးမှုအခြေအနေများအား အောက်တိုဘာ (၂၅)ရက် နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် တဝမ်ချောင်းရေမြင့်တက်လာရာ နမ္မတီး-တနိုင်း-ပန်ဆောင် သွားလမ်းရှိ 125.3KM နှင့် 153.0KM ကြားတွင် လက်ရှိအသုံးပြုနေသော ရှောင်ကွင်း လမ်းသည် ရေတိုက်စားခြင်းနှင့် လမ်းရေကျော်ခြင်းဖြစ်ပွားခြင်းကြောင့် လမ်းပိုင်း ပေ(၄၀၀)ခန့် ရေတိုက်စားခံရပြီး ပေ(၁၀၀၀)ခန့်ရေကျော်လျက်ရှိကာ ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်းနှင့် ရေပြန်လည်ကျဆင်းချိန်တွင် လမ်းအူကြောင်းအသစ် အမြန်ဖောက်လုပ်နိုင်ရေး အတွက် မြေသားအမာခံရှိနိုင်သောနေရာအားတောနင်းရှာဖွေလျက်ရှိပြီး လမ်းအူကြောင်းအသစ် ဖောက်လုပ်ရာတွင် (၁၅)ရက်ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ(၂) ဦးဆိုင်းအောင်မျိုးညွန့် ထံမှသိရသည်။
အဆိုပါ လမ်းရေကျော်ခြင်းဖြစ်ပွားသည့်နေရာများ၌ အရေပေါ်သွားလာရမည့် ခရီးသွားပြည်သူများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များမှ စက်လှေများဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)


