ပွင့်ဖြူ ၂၆ အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးပို့သော ဆန္ဒမဲလက်မှတ်များနှင့် မဲရုံပြင်ဆင်စရိတ်များကို  မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့မရဲစခန်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

 

ထိုသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံပြင်ဆင်စရိတ်ငွေများ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်စန်းမြင့်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအဖွဲ့က မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပရန် လျာထားဆောင်ရွက်ထားရှိသော မဲရုံ(၁၆၃)ရုံတွင် အသုံးပြုရန်အတွက် ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များထံ မဲရုံတစ်ခုချင်းစီအလိုက် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံပြင်ဆင်စရိတ် ငွေကျပ် ၅၀၀၀၀၊ သယ်ယူခ စရိတ် ငွေကျပ် ၁၀၀၀၀ နှုန်းစီအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် မဲရုံပေါင်း(၈၉)ရုံ၊ မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် မဲရုံပေါင်း(၇၄)ရုံ၊ စုစုပေါင်း မဲရုံ (၁၆၃)ရုံ လျာထားဆောင်ရွက်ထားရှိကြောင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေမှာ ယနေ့အထိ ၁၃၅၉၉၀ ရှိကြောင်းနှင့် အဆိုပါ မဲဆန္ဒရှင်စာရင်းများတွင် ချင်းတိုင်းရင်းသာမဲဆန္ဒရှင်ဦးရေ ၁၄၈၀  ကျော် ပါဝင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့်ထံက သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)