ကျောက်ဆည် ၂၆ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသက်(၆၀)နှစ် အထက်နှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆန္ဒမဲလက်မှတ်များကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များမှ ယနေ့နံနက်၈နာရီခွဲက မြန်မာ့စီးပွားရေးဘဏ်မှ သွားရောက်ထုတ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များမှ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအား အောက်တိုဘာ(၂၆)ရက်နေ့နှင့်(၂၇)ရက်နေ့တို့တွင် ရပ်ကွက်/ ကျေးရွာများကွင်းဆင်း၍ စနစ်တကျပေးပို့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၇)အုပ်စုရှိရာ အသက်(၆၀)နှစ် အထက်အသက်အရွယ် ကြီးရင့်သူများနှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၆၃၅၉)ဦးရှိကြောင်းနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များမှ အဖွဲ့(၆)ဖွဲ့ခွဲ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ စနစ်တကျရောက်ရှိရေး ပြည်သူများ စိတ်ချမ့်မြေ့စွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နွဲ့နွဲ့ခိုင်က ပြောပြ၍ သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)


