မိတ္ထီလာ ၂၆  အောက်တိုဘာ

 

မိတ္ထီလာမြို့နယ်တွင် အထူးရဲ ၂၉၁ ဦးအား Rapid Test Kit ဖြင့် ကိုဗစ် ၁၉ ရောဂါပိုးရှိမရှိစစ်ဆေးခြင်းကို အောက်တိုဘာလ ၂၅ ရက်တွင် အထက(၅) ရှမ်းတဲ၌ ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အားလုံးတွင် ကိုဗစ်၁၉ ရောဂါပိုး မတွေ့ရှိကြောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အုန်းဟန်ဦးထံက သိရသည်။

 

“မိတ္ထီလာမှာ ၂ဝ၂ဝ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ အထူးရဲတာဝန်ထမ်းဆောင်မယ့် အထူးရဲ ၂၉၁ ဦးကို ကိုဗစ် ၁၉ ရောဂါပိုး ရှိ မရှိ Rapid Test Kit နဲ့ စစ်ဆေးခဲ့ပြီးအားလုံးမှာ ကိုဗစ် ၁၉ ရောဂါပိုး မတွေ့ရှိရပါဘူး။ အထက(၅) ရှမ်းတဲမှာ အထူးရဲသင်တန်းဖွင့်လှစ်ထားရှိပြီး အောက်တိုဘာ ၂၈ ရက်နေ့ သင်တန်းဆင်းတဲ့အချိန်ကျရင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများထံ သတ်မှတ်နယ်မြေအလိုက်တာဝန်ကျတဲ့အထူး ရဲတွေကို ချိတ်ဆက်တာဝန်ပေးမှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့မှာစတင်ပေးရမယ့် ကြိုတင်မဲတွေရဲ့လုံခြုံရေးကို စတင်တာဝန်ယူရဖို့ရှိတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအုန်းဟန်ဦးက ပြောသည်။

 

အဆိုပါ အထူးရဲ ၂၉၁ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ Rapid Test Kit များဖြင့် စစ်ဆေးခြင်းအား ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန္တာလင်းနှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

 

၂ဝ၂ဝပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် အထူးရဲတာဝန်ထမ်းဆောင်မည့် အမျိုးသား ၂၉၁ ဦးအား အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ  ရွေးကောက်ပွဲဆိုင်ရာအထူးရဲသင်တန်းကို အထက(၅)ရှမ်းတဲတွင် ဖွင့်လှစ်ပို့ချလျက်ရှိပြီး ၎င်းတို့အား ကိုဗစ် ၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်း-ချမ်းသာ (မိတ္ထီလာ)