ပခုက္ကူ ၂၆ အောက်တိုဘာ

 

ပခုက္ကူမြို့ ဧရာဝတီတံတားအနီးတွင် လင်းပိုင်များ မကြာခဏပေါ်လာသည်ဆို၍မှတ်တမ်းတင်နိုင်ရန် ဒေသခံရေလုပ်သားများနှင့် မီဒီယာများ ပူးပေါင်း၍ ရှာဖွေနေကြောင်း သိရသည်။

 

လွန်ခဲ့သောရက်သတ္တပတ်ခန့်က ပခုက္ကူမြို့ ဧရာဝတီမြစ် ဧရာဝတီတံတားအနီး ရေလုပ်ငန်းခွင်တွင် မကြာခဏလင်းပိုင်များပေါ်လာကြောင်း ဒေသခံရေ လုပ်သားများ၏ သတင်းပေးချက်အရ ပခုက္ကူခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ကွင်းဆင်းလေ့လာဆောင်ရွက်မှုများ လည်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဒေသခံရေလုပ်သားများသမဂ္ဂဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း မိမိတို့ရပ်ရွာတွင် ရေလုပ်သား ၇၀  ခန့်ရှိပြီး ဧရာဝတီတံတား အနောက်ဘက်တွင် ၅ ယောက် တစ်ဖွဲ့ ၁၀ ယောက်တစ်ဖွဲ့နှုန်းဖြင့် ရေလုပ်ငန်း လုပ်ကိုင်လျက်ရှိရာ လင်းပိုင် ၂ ကောင် ၃ ကောင်ခန့် မြူးတူးပျော်ပါးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းပေးပို့ခဲ့သည့်အတွက် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနသို့ အကြောင်းကြား ပေးခဲ့ကြောင်းရှင်းပြသည်။

 

ဧရာဝတီမြစ်တစ်လျှောက် ပခုက္ကူမြို့နယ်အနီးဝန်ကျင်တွင် ဧရာဝတီလင်းပိုင်များ ယခင်က လာရောက် ကျက်စားသည်ကို မတွေ့ရှိရဘဲ ယခုအခါ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် ရောက်ရှိလာနိုင်ခြင်း ဖြစ်ကြောင်း ဒေသခံရေလုပ်သားများက ထင်မြင်ယူဆကြသည်။

 

ယခုအခါ ဒေသခံရေလုပ်သားများနှင့် ပခုက္ကူဒေသခံမီဒီယာများပူးပေါင်း၍ လင်းပိုင်များအား လိုက်လံရှာဖွေ၍ တွေ့ရှိပါက မှတ်တမ်းတင်နိုင်ရေးအတွက် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Sky Net၊ မြေလတ်သတင်းမီဒီယာနှင့် စိတ်ပါဝင်စားသူများက ရှာဖွေနေကြောင်း သိရသည်။

 

ကိုတမာ(ပြန်ဆက်)

 

mdn