မိုးညှင်း  ၂၆   အောက်တိုဘာ

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အောက်တိုဘာလ ၂၆ရက် နံနက်(၉)နာရီကဖျားနာ ကုဆေးခန်း (Fever Clinic)ကို မိုးညှင်းခရိုင် ခုတင်(၁၀ဝ)ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် မနောချို စုကြေးအဖွဲ့၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

အခမ်းအနားတွင် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက အဖွင့်အမှာစကား ပြောကြားပြီး အဆိုပါ ( Fever Clinic) ဖျားနာကုဆေးခန်းတွင် တာဝန်ခံကြီးကြပ်ဆောင်ရွက်ပေးမည့် ကလေး အထူးကုဆရာဝန် ဒေါက်တာကျော်လှိုင်ထွေးက ယခုဖွင့်လှစ်မည့် ဆေးခန်းသည် ကိုဗစ်-၁၉ ရောဂါ သံသယ လူနာများအပါအဝင် ဖျားနာနေသူများကို စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆေးခန်း ဖြစ်ပြီး မည်သူမဆို အသက်အရွယ် ကျား/မ မရွေး လာရောက်ကုသမှု ခံယူနိုင်ပါ ကြောင်း၊ အဓိက အားဖြင့် ကိုဗစ်-၁၉ရောဂါ သံသယလူနာများ ဆေးရုံကြီးအတွင်း ဝင်ရောက်မှု နည်းနိုင်သမျှ နည်းပါးအောင် ယခုလိုဆေးခန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ဆေးခန်းဆောက်လုပ်ခြင်းအတွက် မတည်ငွေကျပ်သိန်း(၁၀ဝ) စိုက်ထုတ်လှူဒါန်း ပေးခဲ့သည့် မနောချိုစုကြေးအဖွဲ့မှ တာဝန်ရှိသူများက အဆောက်အအုံ ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာလာမာမီးထံပေးအပ်ခဲ့ကြသည်။

 

ယခုဖွင့်လှစ်ခဲ့သည် ဖျားနာကုဆေးခန်း(Fever Clinic)ကို ရက်သတ္တတစ်ပတ်လျှင်၃ရက်ဖြင့် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) နေ့များတွင် နံနက် ၉နာရီမှ မွန်းလွဲ ၁နာရီအချိန်အထိ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရှိရပြီး အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၊ ခရိုင်ဆေးရုံ အုပ်ကြီး ဒေါက်တာလာမာမီးနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)