ဖရူဆို ၂၆ အောက်တိုဘာ

 

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့်  ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များအပေါ်  အလေးထားဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲတွင် ကယားပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာ (၁၁) ရွာတွင်  ဘာသာရေးဆိုင်ရာလိုအပ်ချက်နှင့် ကျေးရွာ အားကစားကွင်းများ ဖော်ဆောင်နိုင်ရန်အတွက် ထောက်ပံ့ငွေများပေးအပ်ပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်  ပြည်နယ်အတွင်းရှိ ပြည်သူများ၏လိုအပ်ချက်၊ တင်ပြချက်များအပေါ် အလေးထားဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ  ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၁)ရွာမှ ဘာသာရေးဆိုင်ရာ လိုအပ်ချက်များအပြင် ကျေးရွာအားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကျေးရွာအဆင့်အားကစားကွင်း ဖော်ဆောင်နိုင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဒီးဒါးကူးရပ်ကွက် ကက်သလစ်ဆပ်ဖြေရေး သီလရှင်ကျောင်းအတွက် ထောက်ပံ့ငွေကျပ် သိန်း(၃၀)၊ ကေကောကျေးရွာအုပ်စု ထော်သိုခေါကျေးရွာ သခင်မဘုရားကျောင်းအတွက် ထောက်ပံ့ငွေကျပ် သိန်း(၃၀)၊ မာခရော်ရှေ့ကျေးရွာအုပ်စု ဒေါကလော်လဲကျေးရွာ နှစ်ခြင်းဘုရားကျောင်းအတွက် ထောက်ပံ့ငွေကျပ် သိန်း(၃၀)၊ တော်ခူကျေးရွာအုပ်စု ကရောကျေးရွာ နှစ်ခြင်းဘုရားကျောင်းအတွက် ထောက်ပံ့ငွေကျပ် သိန်း(၃၀)၊ တော်ခူကျေးရွာအုပ်စု မနုမနော ရိုးရာယဉ်ကျေးမှုဝတ်စုံအတွက် ထောက်ပံ့ငွေကျပ် (၆၄၅၀၀၀) နှင့် မာခရော်ရှေ့ကျေးရွာ၊ ဆိုလျားကူး ကျေးရွာ၊ လျားဒူကျေးရွာ၊ ရာဧပရားကျေးရွာ၊ ဖော်လော်ကျေးရွာ နှင့် ရီခီးဘူးကျေးရွာတို့တွင် အားကစားကွင်း များ ဖော်ဆောင်နိုင်ရန်အတွက် ထောက်ပံ့ငွေကျပ် သိန်း(၂၀) စီတို့ကို သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ရာ ဖရူဆိုတိုက်နယ်ကျောင်းထိုင် ဘုန်းတော်ကြီး Fr. ပေါလ်ပိပီ မှ ထောက်ပံ့ငွေများပေးအပ်မှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြား သွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပဲ့ဒူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်လွှီးဇာ နှင့် ဒေါ်ရှားမူ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ထောက်ပံ့ငွေလက်ခံရယူမည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

တောရယ်(ပြန်/ဆက်)