နေပြည်တော် ၂၆ အောက်တိုဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့် ပူးပေါင်း၍ တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း (RCDP) စီမံကိန်းမိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ Project Officer Ms. Stefania Dina တို့က အမှာစကားပြောကြားပါသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဇာနည်မင်းနှင့် ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်တို့က တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း(RCDP) အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် စီမံကိန်းမိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ကြသည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများက စီမံကိန်းနှင့်ပတ်သက်သည့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများ ပြလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်သည့် စီမံကိန်းမိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့်စီမံကိန်းစီမံခန့်ခွဲရေးဝန်ထမ်းများ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများ စုစုပေါင်း ၁၈၈ ဦးတက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း(Resiliebt Community Development Project- RCDP) ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) တို့ပူးပေါင်း၍ ချင်းပြည်နယ်မှ မြို့နယ်(၄)မြို့နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးမှ မြို့နယ်(၄)မြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မြို့နယ်(၃)မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ မြို့နယ်(၃)မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးမှ မြို့နယ်(၃) မြို့နယ် စုစုပေါင်းမြို့နယ် ၁၇ မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းကာလ ၆ နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
သန်းလွင်(မကွေး)


