ရန်ကုန် ၂၆ အောက်တိုဘာ
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှတစ်ဆင့် Myanmar C.P Livestock ကုမ္ပဏီက ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) မှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အွန်လိုင်းဖြင့် ကျင်းပခဲ့သည်။
အခမ်းအနားသို့ UEHRD ကော်မတီဝင်များဖြစ်ကြသော ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ သတင်းနှင့်ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ဦးကျော်မြိုင်၊ စီမံခန့်ခွဲမှုအရာရှိချုပ် ဦးညီငြိမ်းအေး၊ ရခိုင်ပြည်နယ်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကိုကိုနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs Suphatra Srimaitreephithak ၊ Myanmar C.P Livestock ကုမ္ပဏီ၏ အကြီးတန်းဒုတိယဥက္ကဋ္ဌ Mr. Prachya Pleanpakdee ၊ UEHRD လုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများ၊ We Love Rakhine မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs Suphatra Srimaitreephithak က လှုဒါန်းရသည့်အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး UEHRD ကော်မတီညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် Myanmar C.P Livestock ကုမ္ပဏီ၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌတို့က ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူများအတွက် အမေရိကန်ဒေါ်လာ ၃၃၀၀၀ တန်ဖိုးရှိ ပါးစပ်နှင့်နှာခေါင်းစည်း ၃၀၀၀၀၀ နှင့် ရောဂါကာကွယ်ရေးဝတ်စုံ(PPE) အစုံ ၂၀၀ တို့ကို UEHRD ကော်မတီမှတစ်ဆင့် We Love Rakhine အဖွဲ့အစည်းသို့ လှူဒါန်းပေးအပ်သည်။
ယနေ့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာပစ္စည်းများကို ရခိုင်ပြည်နယ်သို့ အမြန်ဆုံး ရောက်ရှိသွားအောင် We Love Rakhine အဖွဲ့က စီစဉ်ဆောင်ရွက်နေပြီး UEHRD ကော်မတီကလည်း လိုအပ်သည်များ ညှိနှိုင်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


