mdn

မန္တလေး ၂၇ အောက်တိုဘာ

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်းအတွင်း၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် ယာယီစင်တာတစ်ခုကို ဧရာဝတီဖောင်ဒေးရှင်း၏ လှူဒါန်းမှုဖြင့် စတင်တည်ဆောက်လျက်ရှိပြီး ဘက်စကတ်ဘော အားကစားခန်းမနှင့် ကျောင်းသားအဆောင်များကိုလည်း ယာယီ Quarantine စင်တာများအဖြစ် တိုးချဲ့ဆောင်ရွက်နိုင်ရန် လျာထားလျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအရေအတွက် (၃၀၀)ခန့်အား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် အဆိုပါ စင်တာတည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေမှုနှင့် ယာယီ Quarantine စင်တာ ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ရေးဆောင်ရွက်နေမှု အခြေအနေများအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများက အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဝန်ကြီးချုပ်နှင့်အဖွဲ့အား လေ့ကျင့်ရေးကွင်းနေရာတွင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းလုပ်ငန်း၊ ဧရာဝတီဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ အတည်ပြုလူနာများအား စောင့်ရှောက်မှုပေးနိုင်ရန် ယာယီစင်တာတည်ဆောက်ရေးလုပ်ငန်း စတင်ဆောင်ရွက်နေမှု၊ စင်တာတွင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းနှင့် ကိရိယာများထားရှိရန် စီစဉ်နေမှု၊ အဆောင်()ဆောင် ပြုလုပ်သွားရန် စီစဉ်ထားမှုနှင့် ရက်သတ္တပတ်တစ်ပတ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားနိုင်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က စင်တာတည်ဆောက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော စံနှုန်းများအတိုင်း စီစဉ်ဆောင်ရွက်သွားရေး၊ အဝင်၊ အထွက်လမ်းများ စနစ်တကျရှိရေး၊ ရေနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးမည့် အခြေအနေ၊ ကျန်းမားရေး အထောက်အကူပြုပစ္စည်းများနှင့် လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးမည့် အခြေအနေတို့ကို တာဝန်ရှိသူများအား မှာကြားဖြည့်ဆည်းခဲ့သည်။

 

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါအားကစားကွင်းအတွင်းရှိ ဘက်စကတ်ဘော အားကစားခန်းမနေရာတွင် လူဦးရေ ၂၀၀ ခန့်ဝင်ဆံ့သော ယာယီ Quarantine စင်တာ ဆောင်ရွက်သွားနိုင်ရန် စီစဉ်ဆောင်ရွက်မှု အခြေအနေ၊ ကျောင်းသားအဆောင် ခြောက်ဆောင်အား တစ်ဆောင်လျှင် လူဦးရေ ၂၂ ဦးဖြင့် ဦးရေ ၁၂၀ ကျော်ဝင်ဆံ့သည့် Quarantine စင်တာ ဆောင်ရွက်သွားနိုင်ရန် ကြိုတင်စီမံရမည့် အခြေအနေတို့ကို လိုက်လံကြည့်ရှုပြီး အဆောင်များအတွင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကောင်မွန်အောင် ဆောင်ရွက်ထားရှိရေး၊ ရေလုံလောက်စွာရရှိရေး၊ သန့်စင်ခန်းများ ကောင်းမွန်စေရေး၊ လုံခြုံမှုစနစ်ကောင်းမွန်စေရေးနှင့် Quarantine ဝင်ရမည့်သူများ စည်းကမ်းလိုက်နာရေးအတွက် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့် လိုအပ်သည်များ အစိုးရက ပံ့ပိုးဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

လက်ရှိကာလတွင် မန္တလေးခရိုင်နှင့် အနီးတစ်ဝိုက်မြို့နယ်၊ ဒေသများမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား ကန်တော်နဒီဆေးရုံ၊ ခုတင်(၃၀၀)ဆံ့ သင်ကြားရေးဆေးရုံ၊ ခုတင် (၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံ၊ ပြင်ဦးလွင်ဆေးရုံ၊ ဇီးပင်ကြီးဆေးရုံ၊ အလုပ်သမားဆေးရုံကြီး၊ ၆၂ လမ်း ဇီဝိတဒါန သာသနာ့အထူးကုဆေးရုံကြီး စသည်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိပြီး လူနာနှင့်ထိတွေ့သူများအား ဇီဝိတဒါန သံဃဆေးရုံ၊ မန္တလာတက္ကသိုလ်၊ ဇီးပင်ကြီး၊ ဧရာဝတီစင်တာ၊ Multipurpose Stadium (Mandalay) မန္တလေး ပညာရေးဒီဂရီကောလိပ်၊ ကျောက်ဆည်တက္ကသိုလ်၊ တအုံဒေသရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) တို့တွင် Facility Quarantine အဖြစ် စောင့်ကြည့်၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)