ပုလော ၂၈  အောက်တိုဘာလ  

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့မှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်း တစ်ခုဖြစ်သော အသေးစား လျှပ်စစ်ဓာတ်အားပေးစနစ် (Solar Mini Grid ) တည်ဆောက်ရေး စီမံကိန်းဖြင့် အောက်တိုဘာ ၁၀ ရက်နေ့မှ စတင်၍ ၂၄ နာရီ လျှပ်စစ်မီးရရှိနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာသည် ပုလောမြို့မှ  ၁၂   မိုင် ကွာဝေးသည့် ပလမြို့မှတစ်ဆင့် ရေမိုင်  ၇ မိုင် ကြာမြင့်ချိန်  ၅၀  မီနစ်ခန့် စက်ရေယာဉ်များဖြင့် သွားလာရပြီး သီးခြား ကျွန်းငယ်လေး ဖြစ်တည်ရှိကာ အိမ်ခြေ  ၇၀၀၊ အိမ်ထောင်စု   ၉၆၅  စု၊ လူဦးရေ  ၄၈၀၀ ခန့်ရှိပြီး၊ အများစုမှာ ရေလုပ်ငန်းဖြင့် အသက်မွေး၀မ်းကျောင်း ပြုလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာ၌ ယခင်က ပုဂ္ဂလိကမီးဖြင့် တစ်ယူနစ်လျှင် (၆၅၀) ကျပ် ပေးသွင်းရကာ ယခုဆိုလျှင် တစ်ယူနစ်ကို (၃၅၀) ကျပ် ပေးရပြီး၊ အသုံးပြုနိုင်သည့် အင်အားမှာ အိမ်တစ်ဆောင်လျှင် (၁၂၀၀  W)၊ အသေးစားစက်မှု လုပ်ငန်းတစ်ခုလျှင် ( ၃၀၀၀ W) အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရပြီး၊ Solar Mini Grid လုပ်ငန်းများ ဆောင်ရွက်ရခြင်းမှာ  ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး မီးလင်းရန်နှင့် အသေးစား ကုန်ထုတ်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ လျှပ်စစ်မီး မရရှိသေးသော ဝေလံဒေသရှိ လူနေမှု အဆင့်အတန်း မြင့်မားစေရန်နှင့် ဒေသတွင်းရှိ အသေးစား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကြောင်းကို မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကိုနှင့် Techno- Hill Engineering Co.Ltd မှ တာ၀န်ခံမန်နေဂျာ ပက်ထရစ် ဆိုင်းဂျာနော်တို့က ပြောကြားခဲ့သည်။

 

အဆိုပါ Solar Mini Grid ကို  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (၂၀ %) ၊ Techno- Hill Engineering Co.Ltd (၆၀% ) နှင့် ဒေသခံပြည်သူမှ (၂၀%) ဖြင့် ပူးပေါင်း၍  ပုလောမြို့နယ်တွင် ခန္တီကျေးရွာတွင် (၆၃ ကီလို၀ပ်)၊ လယ်ဖက်ကျေးရွတွင် (၉၂ ကီလို၀ပ်)၊ ကံမော်ကြီးကျေးရွာတွင် (၆၁ ကီလို၀ပ်)၊ ကုလားမခေါင်းကျေးရွာတွင်  (၄၀ ကီလို၀ပ်)၊ ပြင်ကြီးကျေးရွာတွင် (၄၀ ကီလို၀ပ်)၊ ကျောက္ကာ ကျေးရွာတွင် (၂၀၉  ကီလို၀ပ်) ဖြင့် ၂၄ နာရီ လျှပ်စစ်မီးများ ရရှိနေပြီဖြစ်ကြောင်း သိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)