ဂန့်ဂေါ  ၂၈ အောက်တိုဘာ

ဂန့်ဂေါမြို့နယ် သာလင်းရွာနှင့် မြင်သားရွာ ကျေးရွာချင်းဆက်လမ်းရှိ သာလင်း- မြင်သား မြစ်သာမြစ်ကူးတံတား ယခုနှစ်တွင် ဆောက်လုပ်၍ ဖြတ်သန်းခွင့်ပြုထားပြီဖြစ်ရာ ဒေသနေပြည်သူများ ဆက်သွယ်သွားလာမှု လွယ်ကူနေကြပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြစ်ဖြတ်ကူးနိုင်သည့် တံတားကို ၂၀၀၅ ခုနှစ်က လူကူးကြိုးတံတားအဖြစ် ဆောက်လုပ် ခဲ့သော်လည်း မြစ်သာမြစ်ရေမြင့်တက်မှုများသည့်နှစ်၌ မျောပါပျက်စီးသွားရာ ၂၀၁၉ ခုနှစ်တွင် ယခုတံတားသစ်ကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတံတားမှာ တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၃) က ဆောက်လုပ်ခြင်းဖြစ်၍ DOUBLE SINGLE BAILEY BRIDGE (၈၁၀) ပေ ရှိကြောင်း သိရသည်။

 

တံတားကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၉၀၀၊ ဂန့်ဂေါမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၃၂၀ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း ၃၀၇ ဖြင့် စုစုပေါင်း ခန့်မှန်းစီမံကိန်းတန်ဖိုး ၁၆၂၀ သန်းဖြင့် အကျယ် ၁၂ ပေ ၄ လက်မ၊ အလျား ၈၁၀ ပေ နှစ်လွှာ တစ်ထပ် ဘေလီ သံကူကွန်ကရစ်တံတား အမျိုးအစားအဖြစ် ဆောက်လုပ်ထားသည်။ ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်တွင်ပြီးစီး၍ အောက်တိုဘာ ၁၄ ရက်တွင် စတင်ဖြတ်သန်းခွင့်ပြုခြင်းဖြစ်သည်။

 

မြစ်သာမြစ်အရှေ့ဖက်ရှိ မြင်သား၊ ကုန်းရွာ၊ ရွာမ၊ အလယ်ရွာ၊ စန်းမြို့စသည့် ကျေးရွာနေ ပြည်သူများသည် ယခင်က မြစ်ရေငယ်သည့်အခါတွင် ဆက်သွယ်မှုလွယ်ကူသော်လည်း မိုးရာသီ မြစ်ရေမြင့်တက်သည့်အခါများ၌ လှေဖြင့်သာ ဖြတ်ကူးခဲ့ကြရသည်။ ယခုအခါ တံတားဆောက်လုပ်ပြီး၍ ကား၊ ထော်လာဂျီ၊ လှည်း စသည်တို့ဖြင့် လွယ်ကူစွာ ရာသီမရွေး ဖြတ်သန်းသွားလာနိုင်ကြပြီဖြစ်သည့်အပြင် မြစ်သာမြစ် အနောက်ဘက်ရှိ ဂန့်ဂေါ-ကလေးကားလမ်းသို့ ရာသီမရွေး ဆက်သွယ်သွားလာနိုင် ကြပြီဖြစ်၍ ကျေးရွာများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း သိရှိရသည်။

တောင်သားမောင်သန်း