မင်းဘူး ၂၈ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အဝင်အထွက်ကန့်သတ်ထားသော ကုန်းသာကျေးရွာမှ အိမ်ထောင်စုများအတွက် မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ အောင်လံဆီစက်နှင့် ကုန်စုံဆိုင်မိသားစုက အခြေခံစားသောက်ကုန်များကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ သွားရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကုန်းသာကျေးရွာကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၂၀ ရက်က အဝင်အထွက် ကန့်သတ်သည့် ကျေးရွာအဖြစ် ထုတ်ပြန်ကြေညာထားသဖြင့် ကျေးရွာနေပြည်သူများ စားဝတ်နေရေး အခက်အခဲရှိသဖြင့် ယခုကဲ့သို့ လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

 

လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အောင်လံဆီစက်နှင့် ကုန်စုံဆိုင်မိသားစုမှ အလှူရှင် ဦးဆီချိုက “ကုန်းသာကျေးရွာက ပြည်သူတွေ အဝင်အထွက် ကန့်သတ်ထားတဲ့အတွက် အပြင်ထွက်လို့မရတာ ကြောင့် စားရေးသောက်ရေး အခက်အခဲမရှိစေဖို့ တတ်နိုင်တာလေးနဲ့ ဖြည့်စည်းပေးချင်တာကြောင့် အိမ်ခြေ ၆၀၇ အိမ်အတွက် တစ်အိမ်ကို ဆန် ၁ ပြည်၊ ဆီ ၃၀ ကျပ်သားနဲ့ ရတနသုတ်ပရိတ်တရားတော် စာအုပ် တစ်အုပ်နှုန်း လှူဒါန်းပေးရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

 

ကုန်းသာကျေးရွာတွင် အိမ်ခြေ ၆၀၇ အိမ်၊ လူဦးရေအားဖြင့် ၂၃၀၀ ကျော်ရှိကြောင်း၊ တစ်အိမ်ကို ဆန် ၁ ပြည်၊ ဆီ ၃၀ ကျပ်သားနှင့် ရတနသုတ် ပရိတ်တရားတော်စာအုပ် တစ်အုပ်နှုန်းဖြင့် အလှူရှင် ဦးဆီချို မိသားစု အပါအဝင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံနှင့် ပရဟိတအဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖ များထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)