၂၈  အောက်တိုဘာ

လီဗာပူးနဲ့ မာဂျယ်လန်းတို့ တွေ့ဆုံတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ပွဲချိန်  ၂၈ မိနစ်မှာ  ဖာဘင်ညို တစ်ယောက် ဒဏ်ရာရရှိခဲ့လို့ ပွဲကို ဆက်လက်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ 

 

ဖာဘင်ညိုက ပွဲကို သူဆက်လက် ကစားနိုင်သေးကြောင်း ပြောခဲ့ပေမယ့်  ပြေးအား၊ ဖျက်ထုတ်မှု၊  ဘောလုံးဆယ်ယူမှုအပိုင်းတွေမှာ ပုံမှန် လုပ်အားနှုန်း အတိုင်း ဆောင်ရွက်နိုင်ဖွယ်မရှိတာကြောင့်   လူစားလဲခဲ့တာဖြစ်ကြောင်း နည်းပြကလော့ပ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။   တံကောက်ကြော ဒဏ်ရာလို့ ယေဘုယျ ခန့်မှန်းထားပေမယ့် ဓာတ်မှန်ရိုက်စစ်ဆေးပြီးမှသာ  တိတိကျကျ အဖြေထုတ် နိုင်မယ်လို့လည်း သူက ဆိုပါတယ်။ 

 

ကမ္ဘာ့ထိပ်တန်းအဆင့်ရှိ  လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ  အဲဗာတန်နဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့်  ရာသီကုန်အထိ အနားယူရမှာဖြစ်တာကြောင့်  နည်းပြကလော့ပ်က ဖာဘင်ညိုကို  ဗန်ဒိုက် နေရာမှာ  အစားထိုး အသုံးပြုနေတာဖြစ်ပြီး ခု ဖာဘင်ညိုပါ ထပ်ပြီး ဒဏ်ရာ ရခဲ့တာကြောင့်  လီဗာပူး ဗဟိုခံစစ်မှာ ဂျိုးဂိုးမက်စ် တစ်ဦးသာ ဒဏ်ရာ ကင်းစင်တဲ့ အနေအထားရှိပြီး  လီဗာပူးအသင်းအတွက် ဗဟိုခံစစ်ပြဿနာ ကြီးမားလာဖို့ ရှိနေပါတယ်။ လီဗာပူးအနေနဲ့ မက်တစ်နဲ့ ဂိုးမက်စ်ကို ဗဟိုခံစစ်မှာ တွဲဖက်ကစားခိုင်းပြီး  ဟန်ဒါဆန်ကို ကွင်းလယ်အဖျက် နေရာမှာ ထားကစားနိုင်ဖွယ်ရှိကြောင်း ဂိုးလ်မီဒီယာက ခန့်မှန်းချက်ထုတ်ထားပါတယ်။

 

လီဗာပူးဟာခံစစ်ပိုင်းဒဏ်ရာ များပြားနေပေမယ့်  ပြိုင်ဘက်အသင်းတွေကို ပေးဂိုး မပေးခဲ့ရဘဲ နှစ်ဂိုးပြတ်အနိုင်ရခဲ့တာကတော့  ကျေနပ်စရာကောင်းတဲ့ အနေအထားဖြစ်ပါတယ်။ လီဗာပူးဟာ လာမယ့် စနေနေ့မှာ ရှက်ဖီးလ်ယူနိုက်တက်၊  နိုဝင်ဘာ ၄ ရက်  အတ္တလန္တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်၊  နိုဝင်ဘာ ၈ ရက်မှာတော့ အီတီဟတ်ဒ်ကွင်းမှာ  မန်စီးတီးကို သွားရောက် ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

မေလဲ့သင်း