သထုံ  ၂၉  အောက်တိုဘာ

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိုက်ပျိုးမြေဧက ၁၅၀၀ ကျော် အကျိုးပြုမည့် ကတိုက်ကြီးကျေးရွာ၊ ကတိုက်လေးကျေးရွာနှင့် သောင်ကြီးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်ဦးနှင့် ဝန်ထမ်းများက ကတိုက်ကြီးကျေးရွာ၊ ကတိုက်လေးကျေးရွာနှင့် သောင်ကြီးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်နိုင်ရေးအတွက် လက်ရှိ မြေပြင်အခြေအနေ၊ သတ်မှတ်လမ်းအကျယ်ရရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်စ၍ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခု ကတိုက်ကြီးကျေးရွာ၊ ကတိုက်လေးကျေးရွာနှင့် သောင်ကြီး ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းသွယ်များ ဖောက်လုပ်ပေးနိုင်မည်ဆိုပါက အဆိုပါ ကျေးရွာသုံးရွာရှိ အိမ်ခြေ(၁၀၈၆)၊ လူဦးရေ(၆၅၉၈)ဦးတို့၏ လယ်ယာထုတ်ကုန် ဧက(၁၅၅၀) အကျိုးပြုမည်ဖြစ်ကြောင်း သထုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်ဦးက ပြောသည်။

ကျော်ဦး